ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်က ပြည်သူ့စစ်စခန်းတခုကို နိုဝင်ဘာ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖလာကျေးရွာအုပ်စု၊ လဂွေရွာမှာရှိတဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ပူးပေါင်း တပ်စခန်းကို နိုဝင်ဘာလ ၁ ရက်နေ့ နေ့လယ် ၁၁ နာရီ ခွဲကျော်လောက်က အပြီးသတ် သိမ်းပိုက်လိုက်တာလို့ KIA ရှေ့တန်းနဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
နောက်တယောက်ကလည်း “လဂွေရွာကို နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းကစ ရှင်းလင်းရေး လုပ်နေပြီလို့ သိရတယ်။ စစ်ကောင်စီ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ပူးပေါင်းတပ်ဖွဲ့တွေ အကုန်လုံး ထွက်ပြေးသွားတာ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်လို့လည်း သူက ပြောပါတယ်။
ချီဖွေမြို့နယ်က ဖီမော တရုတ်နယ်စပ်သွားလမ်း ဂမ်ခွင်းရွာအခြေစိုက် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ် ဌာနချုပ်စခန်းကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်း ၆ နာရီ ကျော်လောက်မှာ သိမ်းလိုက်နိုင်တာဖြစ်ပါတယ်။
ပန်ဝါအနီး လုပီရွာအခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့် တပ်စခန်းကို အောက်တိုဘာ ၁၅ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်နေ့မှာ၊ ချီဖွေ မြို့မရဲစခန်း၊ ချီဖွေ - ပန်ဝါ လမ်းပေါ်က ၄ မိုင် စစ်ကောင်စီဂိတ်စခန်း၊ ချီဖွေမြို့အဝင် ပြည်သူ့စစ်ဂိတ်၊ ကန်ပိုင်ယန်လမ်းပေါ်က ကာကင်းစခန်းနဲ့ ရှငေါ် ပြည်သူ့စစ်စခန်းတို့ကိုတော့ စက်တင်ဘာ ၂၉ ရက်နေ့က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။