စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်တပ်ဂိတ်အတွင်း အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်ယူနီဖောင်ဝတ်တယောက်ဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
ကလေးမြို့ခံတယောက်က “ကလေးဝဘက်ကိုထွက်တဲ့ လမ်းမှာရှိတဲ့ စစ်တပ်ဂိတ်ထဲမှာ ဖြစ်သွားတာပါ။ သေနတ်သံကတော့ တချက်ပဲ ကြားလိုက်ရတယ်။ သေတဲ့ကောင်က စစ်သားလား ပျူလားတော့ မသိဘူး၊ စစ်ယူနီဖောင်းတော့ ဝတ်ထားတယ်။ မနက်စောပိုင်းကျမှ စစ်တပ်က အလောင်းလာသယ်သွားတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်တပ်ဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ကလေး-ကလေးဝ ကားလမ်းပေါ်က ခရီးသွားမော်တော်ယာဥ်တွေဆီကနေ အဆမတန် ငွေကြေးတောင်းခံတာတွေ အပြင် အဆိုပါဂိတ်မှာ နေထိုင်ကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ မူးယမ်းဆေးဝါးတွေကိုလည်း အလွန်အကျွံ သုံးစွဲနေတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိတယောက်က “အမှန်အကန်စစ်သား မဟုတ်ဘူး။ တောင်အူရွာတို့ စခန်းကြီးရွာဘက်တွေက ခေါ်ထားပြီး စစ်ယူနီဖောင်း ဝတ်ပေးထားတဲ့ ပျူတွေထဲက ပျူတကောင်က ဆေးကြောင်ပြီး ကိုယ့်လည်ပင်းကိုယ် သေနတ်ထောက် ပစ်လိုက်တာလို့ သိရတယ်။ အဲဒီဂိတ်က ဇရှိတယ်။ ရတဲ့ငွေကိုလည်း အဝေမတည့်လို့ ခဏခဏ ပြဿနာတက်ကြတယ်” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကလည်း အဆိုပါစစ်တပ်ဂိတ်က စစ်သားတယောက်ဟာ အရက်သေစာ သောက်စားမူးရစ်ပြီး ဖောင်းကူးမြစ်ထဲ ရေဆင်းကူးရင်း ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။