စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ အောက်တိုဘာ ၂ ရက် ညက မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေကျကာ ကလေးငယ်တယောက် ချောင်းရေနဲ့အတူ မျောပါသေဆုံးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ပါဟဲကျေးရွာဟာ မဟူတောင်ခြေမှာရှိပြီး တောင်ကျ ချောင်းရေတွေ ရွာပတ်ပတ်လည်မှာ ဖြတ်သန်းစီးဆင်းနေတာ ဖြစ်ပါတယ်။ သေဆုံးတဲ့ကလေးငယ်ကတော့ ပါဟဲတောင်ရွာက ဦးခင်မောင်ဝင်းနဲ့ ဒေါ်လှိုင်မင်းအေးရဲ့သား အသက် ၉ နှစ်အရွယ် စွမ်းညီညီ (ခ) ဖိုးကဲ ဖြစ်ပါတယ်။
ပါဟဲရွာအုပ်ချုပ်ရေးမှူးဟောင်းက “တောင်ကျချောင်းရေဆိုတော့ ရေစီးအားကပြင်းတယ်လေ။ မိဘတွေနဲ့ ရွာက လူကြီးတွေအကုန်လုံးက ရွာကို ချောင်းရေတိုက်စားနေလို့ ရေကာတာ ရိုက် နေကြတာပါ။ သူ့မိဘတွေရှိရာ ရေကာတာရိုက်တဲ့ နေရာကို လိုက်လာရင်း ချောင်းရေနဲ့အတူ မျှောပါသေဆုံးတာ”လို့ ပြောပါတယ်။
ပါဟဲရွာအနီးက တောင်ကျချောင်းရေဟာ ရက်ကြာရှည် စီးဆင်းတာမျိုးမဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းရင် ချောင်းရေစီးဆင်းတိုက်စားမှုအရှိန်များပြီး ချောင်းရေတခါကျပါက ၈ နာရီကနေ ၂၄ နာရီကြာမြင့်ပြီး မိုးအဆက်မပျက်ရွာသွန်းတဲ့အခါ အဆက်မပြတ် ချောင်းရေကျတယ်လို့ လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ရွာကိုတော့ အရင် စက်တင်ဘာ ၂၅ ရက်နေ့က မိုးရွာပြီး ချောင်းရေတိုက်စားလို့ ယာယီရေကာတာရိုက်ထားသေးတယ်။ အခုချောင်းရေထပ်တိုက်စားလို့ ယာယီရေကာတာက ချောင်းရေနဲ့အတူပြန်ပါသွားတယ်လေ။ အဲတာကိုထပ်ပြီး ရွာရှိလူကုန် ရေကာတာရိုက်ကြတာပေါ့။ အိမ်မှာ မိဘမရှိတော့ မိဘနောက်လိုက်လာရင် ချောင်းရေထဲ မျောပါသေဆုံးရတာ။ စိတ်လည်းမကောင်းဘူး။ ကျနော်တို့ရွာမှာ ချောင်းရေကလည်း တိုက်စားနေတာဆိုတော့ ဘယ်အဖွဲ့အစည်းမှ အကူညီလည်း မပေးဘူး။ ရွာက ဒီအတိုင်းဆိုရင် မဟူချောင်းရေနဲ့အတူ ပါတော့မယ်ထင်ပါတယ်ဗျာ။”
ရေနစ်သေဆုံးသွားတဲ့ ကလေးအလောင်းကိုတော့ ချောင်းထဲ တနေရာကနေ ပြန်ဆယ်ယူပြီး အောက်တို့ဘာ ၄ ရက် နေခင်းပိုင်းမှာ သင်္ဂြိုဟ်လိုက်ပါတယ်။
ပါဟဲတောင်ရွာကို ချောင်းရေတိုက်စားတာကြောင့် အခိုင်မာရေကာတာရိုက်ဖို့ အကူညီတွေ လိုအပ်နေပါတယ်။ ဒေသခံရွာသားတွေတော့ လယ်ယာသုံး ပစ္စည်းတွေနဲ့ ထွန်စက်တွေ၊ ကျွဲနွားအပါဝင် ချောင်းရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။