စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမဘေးရှိ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) အနီးက ဈေးဆိုင်တွေကို စစ်ကောင်စီက အောက်တိုဘာ ၁၁ ရက်က စတင်ဖယ်ရှားနေတယ်လို့ သိရပါတယ်။
မြိုခံတယောက်က “အဲဒီဆိုင်လေးတွေ ရောင်းနေတာ နှစ်တွေတောင် မနည်းတော့ဘူး။ ၁၀ ဆိုင် ၁၅ ဆိုင်လောက်တော့ ရှိမယ်။ အဝတ်အစားဆိုင်တို့၊ အသီးအရွက်ဆိုင်တို့၊ တခြားမုန့်ဆိုင်လေးတွေပေါ့။ စစ်သားတွေက လမ်းဘေးကဆိုင်တွေကို ဖယ်ခိုင်းပြီး အဲဒီနေရာတွေမှာ ဈေးရောင်းချခွင့်မပြု၊ မလိုက်နာရင် ဥပဒေအရ အရေးယူမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်သွားတယ်” လို့ ပြောပါတယ်။
ကလေးမြို့အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးက ဗိုလ်ချုပ်လမ်းမဘေး လူစည်ကားတဲ့နေရာမှာရှိတဲ့ လမ်းဘေးစျေးဆိုင်တွေကို အောက်တိုဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်က ဖယ်ရှားခိုင်းတာလို့လည်း သိရပါတယ်။
နေရာရွှေ့ပြောင်းဖွင့်လှစ်ရတဲ့ စျေးသည်တယောက်က “ကျနော်တို့ဆိုင်တွေက ထွက်တဲ့ အညစ်အကြေးကိုလည်း ပြန်သိမ်းပါတယ်။ ဘာကြောင့် ဖယ်ခိုင်းတာလဲတော့ မသိဘူး။ အဲဒီနေရာမှာက လူစည်တာ၊ ကျနော်တို့ကတော့ မိသားစုဝမ်းရေးက ရှိသေးတော့ တခြားနေရာတွေ သွားရောင်းရတာပေါ့။ တချို့ဆိုင်တွေဆို နေရာရှာမရလို့ စျေးပြန်မရောင်းကြသေးဘူး” လို့ DVB ကို ပြောပါတယ်။
စျေးသည်တချို့ကတော့ ဗိုလ်ချုပ်လမ်းမပေါ်က လေဆိပ်ဝန်ထမ်းအိမ်ရာအနီးမှာ နေရာရွှေ့ပြောင်း ဖွင့်လှစ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကလည်း ကလေးမြို့တောင်ပိုင်းက အဝင်အထွက်လမ်းဖြစ်တဲ့ စက်မှုဇုန်-ကျောက်ဂူလမ်းပိုင်းကို မြေကော်စက်တွေနဲ့ လာရောက်ဖျက်ဆီးသွားကြပြီး ပြည်သူတွေကို အသွားအလာ ကန့်သတ်တာတွေ ပြုလုပ်ခဲ့ကြသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။