စစ်ကိုင်းတိုင်း၊ ကလေးမြို့က ကလေး PDF ထိန်းချုပ်နယ်မြေ ကျေးရွာတချို့မှာ ဒေသခံတွေက လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြတယ်လို့ ရွာခံတွေက DVB ကို ပြောပါတယ်။
တင်သားရွာခံတယောက်က “ကျမတို့ရွာအရှေ့ပိုင်းမှာ ဖဲဝိုင်းတွေ အကြီးအကျယ် ရိုက်ကြတယ်။ ဖဲဝိုင်းက ကြေးကြီးတယ်။ ကျမလည်း အဲ့အပိုင်းတွေက နားမလည်ဘူး။ အဲ့ဖဲဝိုင်းဘေးမှာ ဈေးရောင်းတဲ့သူတွေနဲ့၊ ဖဲဝိုင်းကတော့ စည်ကားနေတယ်။ ဖဲဝိုင်းကအသိတွေ ပြောတာကတော့ ဖဲဝိုင်းတဝိုင်းကို PDF တွေအတွက် အကောက်ကြေး တရက်တသိန်း ပေးရတယ်တဲ့” လို့ ပြောပါတယ်။
အိမ်ခြေ ၅,၀၀၀ ကျော်ရှိတဲ့ တင်သားရွာကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကလေး PDF တပ်ရင်း ၄ က ဦးစီးပြီး အုပ်ချုပ်ကွပ်ကဲမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး ကလေး PDF တပ်ရင်း ၄ ဘက်ကို DVB က ဆက်သွယ်ရာမှာတော့ တပ်ရင်းအနေနဲ့ စစ်ဘက်မှာသာ တာဝန်ယူဆောင်ရွက်ပြီး အခွန်ကိစ္စ၊ ရပ်ရွာအုပ်ချုပ်ရေးပိုင်း ကိစ္စတွေကိုတော့ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့က တာဝန်ယူဆောင်ရွက်တယ်လို့ DVB ကို ဖြေကြားပါတယ်။
အဆိုပါ လောင်းကစားဝိုင်းတွေ ပြုလုပ်ခွင့်ပေးထားတာနဲ့ ပတ်သက်ပြီး တင်သားရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
NUG ထိန်းချုပ်နယ်မြေတွေမှာ လောင်းကစားဝိုင်းတွေရှိတာနဲ့ ပတ်သက်ပြီး တော်လှန်ရေးရဲ့ပုံရိပ်ကို ကျဆင်းစေတယ်လို့ နတ်ချောင်းရွာခံတယောက်က သူ့ရဲ့အမြင်ကို ပြောပါတယ်။
“ဟို ကျနော်တို့ လုံးဝတော့ မကောင်းဘူးပေါ့။ ဒါတော့ သေချာပါတယ်။ လောင်းကစားရဲ့ နောက်ဆက်တွဲက နယ်မြေတွေ မငြိမ်းချမ်းမှုတွေ ခိုးဆိုးတွေ ပေါလာနိုင်တယ်။ နောက် လောင်းကစားငွေကြေးရဲ့ နောက်မှာ ကြီးရင် ကြီးသလောက် ပြဿနာတွေ ရှိလာနိုင်တယ်။ နောက်တခုကတော့ အထူးသဖြင့် တော်လှန်ရေးရဲ့ပုံရိပ် ကျတာပေါ့လေ။”
ထိန်းချုပ်နယ်မြေတချို့မှာ အကြောင်းကြောင်းကြောင့် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းတွေ မထိန်းချုပ်နိုင်တာ ရှိနိုင်ပေမဲ့ အခု စစ်ဘက်ကနေပဲ လောင်းကစားကိစ္စတွေနဲ့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုတွေကို အထူးစုံစမ်း အရေးယူနိုင်ရေးအတွက် စပြီးကိုင်တွယ်နေပြီလို့ ကလေးမြို့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။