မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် ခလရ ၂၅၈ တပ်က ဗိုလ်ကြီးဇော်လင်းရဲ့ တပ်ပြောင်းပစ္စည်းတွေ တင်လာတဲ့ ကန်တာကားတစီးကို စက်တင်ဘာ ၁ ရက် မနက်က ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း Southern YSO PDF အဖွဲ့ကနေ သိရပါတယ်။
ရေစကြို-ပခုက္ကူလမ်းမှာ စက်တင်ဘာ ၁ ရက်၊ မနက် ၇ နာရီကျော်လောက်က ရေစကြိုတပ်မှ ပုဂံ-ညောင်ဦးဘက်ကို တပ်ပြောင်းရွှေ့လာတဲ့ ခလရ ၂၅၈ တပ်က ဗိုလ်ကြီး ဇော်လင်း ပိုင်ဆိုင်တဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ အပါအဝင် ယာဉ်မောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင် ၂ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။
“ကျနော်တို့ စောင့်ကြည့်နေတာ ၂ လနီးပါးလောက် ရှိနေပြီ။ ကားကတော့ စစ်ကောင်စီက အသုံးပြုတဲ့ လုပ်ငန်းစဉ်တိုင်း အရပ်သားပြည်သူတွေကား ပုံစံမျိုးနဲ့ အသုံးပြုနေကြတာ။ ကားကိုတော့ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့အတွက် သိမ်းထားမှာပါ။”
Southern YSO PDF အဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်ကြီးဇော်လင်း ပိုင်ဆိုင်တဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ အင်းဝဘဏ်စာအုပ်နဲ့ သင်တန်းဆင်းလက်မှတ်တွေ အပါအဝင် အိမ်ထောင်ပရိဘောဂပစ္စည်းတွေပါ ပါဝင်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိခဲ့တဲ့ တပ်မိသားစုဝင် ၂ ယောက်နဲ့ ယာဉ်မောင်းတို့ကို လတ်တလောမှာ စိစစ်မေးမြန်းနေပြီး ၃ ယောက်လုံးကို ပြန်လွှတ်ပေးဖို့လည်းရှိကြောင်း Southern YSO PDF အဖွဲ့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီလောက်ကလည်း ပခုက္ကူဘက်မှ ရေစကြိုဘက်သွားတဲ့ စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။