Home
မြန်မာသတင်း
ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်မံလျှော့ချရန် တရားရုံးဆုံးဖြတ်
DVB
·
November 21, 2024

တက္ကသိုလ်ရိပ်သာလမ်း၊  ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်မံလျှော့ချဖို့ တရားရုံးက ဆုံးဖြတ်ထားပြီး ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပေမဲ့ တွေ့ရမယ့်အလားအလာ မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉ သန်းနဲ့ တတိယအကြိမ် လေလံတင်ဖို့ တရားရုံးက ဆုံးဖြတ်ထားပြီး ဘယ်နေ့မှာ လေလံထပ်တင်မယ် ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ခြံအမှတ် ၅၄ ကို ကမာရွတ်ခရိုင်တရားရုံးက မတ် ၂၀ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃၁၅၀၀၀၀ နဲ့ လေလံတင်ခဲ့ပြီး ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ် လေလံတင်ခဲ့တာပါ။

ကြမ်းခင်းဈေး လျှော့ချထားတဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူညီမှု ရှိမရှိ ဆွေးနွေးချင်တာကြောင့် သူ့ရဲ့ရှေ့နေအဖွဲ့က တွေ့ဆုံခွင့်တောင်းထားပေမဲ့ တွေ့ရမယ့်အလားအလာ မရှိသေးဘူးလို့ သိရပါတယ်။

တရားရုံးနဲ့ နီးစပ်သူတယောက်က “တွေ့ရမယ်မထင်ပါဘူး။ ကြမ်းခင်းဈေးက ချနေတယ်လေဗျာ။ ကြမ်းခင်းဈေးနဲ့ရောင်းမယ် မရောင်းဘူး ဆိုတာက ရောင်းလို့ရမယ့်ငွေက အန်တီ့ပိုက်ဆံဆိုတော့ အန်တီက အဲဒါက သဘောတူလား၊ ဈေးတွေလျှော့ချနေတာကို သဘောတူလား မတူဘူးလား၊ သူတို့သတ်မှတ်တဲ့ ကြမ်းခင်းဈေးကို သဘောတူလား မတူဘူးလား၊ ခွင့်ပြုလား မပြုဘူးလား၊ ဒါကိုသိချင်လို့ သူနဲ့တွေ့ဖို့အတွက် တင်တာပါ။ အခုက မြန်မာငွေ သိန်းပေါင်း ၃ သန်း မဟုတ်ဘဲနဲ့ ၂ ဒသမ ၉ သန်း ဖြစ်သွားတာကိုး” လို့ ပြောပါတယ်။

ကမာရွတ်ခရိုင်တရားရုံးရဲ့ ဆောင်ရွက်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ အရာမထင်ဘဲ တတိယအကြိမ် လေလံထပ်တင်မယ့် အခြေအနေအထိ ရောက်လာတာပါ။

ကမာရွတ်ခရိုင်တရားရုံးကတော့ တရားပြိုင် ဦးအောင်ဆန်းဦးရဲ့ အဆိုတင်သွင်းချက်တွေကို ဆက်တိုက် လိုက်လျောနေတာဟာ တရားရုံး လုပ်ထုံးလုပ်နည်းတွေနဲ့မညီဘဲ အမှုကို တဖက်သတ် စီရင်နေတာလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ အသက် ၇၃ နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ အောက်တိုဘာ ၇ ရက်မှာ ကွယ်လွန်ခဲ့ပြီး အလားတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၇၃ နှစ်အရွယ် NLD အစိုးရလက်ထက် လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ နိုဝင်ဘာ ၈ ရက်မှာ ထပ်မံကွယ်လွန်ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် အကျဉ်းထောင်ထဲရောက်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သက်ကြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးဟာ အာမခံချက်မရှိတဲ့ အခြေအနေ ဖြစ်နေတာပါ။

ကုလသမဂ္ဂ၊ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အာဆီယံတို့က စိုးရိမ်ကြောင်း မကြာခဏ ပြောဆိုနေပေမဲ့ မြင်သာတဲ့ ကူညီမှုတွေကိုတော့ လက်ရှိအချိန်အထိ မပြုလုပ်နိုင်ခဲ့ပါဘူး။

NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက “နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို မဆောင်ရွက်ပေးနိုင်ရင်တောင်မှဘဲ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို တကယ်ပြေလည်စေချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် အသက်အရွယ်ကြီးရင့်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြင့်သာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ရရှိလာမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ အသက် ၆၅ နှစ်နဲ့အထက် NLD ပါတီဝင် ၃၉ ယောက်၊ ပါတီဝင်မဟုတ်တဲ့သူ ၇၄ ယောက်၊ စုစုပေါင်း သက်ကြီးနိုင်ငံရေးအကျဉ်းသား ၁၁၃ ယောက် အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ပြောထားပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD နာယက ဦးဝင်းထိန်၊ NLD အစိုးရ တိုင်းနဲ့ပြည်နယ်အဆင့် ဝန်ကြီးချုပ်၊ ဝန်ကြီးအဖွဲ့ဝင်တွေနဲ့ အဆင့်မြင့်အရာရှိတွေ ပါဝင်နေတာပါ။

အကျဉ်းထောင်ထဲက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို ဘယ်ထောင်မှာ ထိန်းသိမ်းထားတယ် ဆိုတာကိုပါ သတင်းထိန်ချန်ဖို့အတွက် စစ်ကောင်စီက ထောင်ပြောင်းရွှေ့တာတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မပေးခဲ့တာ အချိန် ၂ နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013