Home
မြန်မာသတင်း
ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးကိစ္စ တရားရုံးက ရုံးချိန်းပြန်ခေါ် 
DVB
·
June 13, 2024

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးကိစ္စ ဇွန် ၂၀ ရက်နေ့မှာ နှစ်ဖက် လျှောက်လဲချက် ကြားနာဖို့ တရာရုံးက ရုံးချိန်းပြန်ခေါ် ထားပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် ၅၄ ကို ဒုတိယအကြိမ် လေလံတင်ရောင်းချနိုင်ဖို့  အစ်ကိုဖြစ်သူ တရားပြိုင် ဦးအောင်ဆန်းဦးက ကြိုးစားနေတာပါ။

ပြီးခဲ့တဲ့ မေ ၃၁ ရက် ရုံးချိန်းမှာ ဦးအောင်ဆန်းဦးက မူလကြမ်းခင်းဈေး ငွေကျပ် ၃၁၅ ဘီလီယံကနေ ငွေကျပ် ၃၀ ဘီလီယံလျှော့ချပြီး ရောင်းချဖို့အဆိုတင်သွင်းတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့တာကြောင့် ဇွန် ၁၂ ရက် ရုံးချိန်းမှာ နှစ်ဖက် လျှောက်လဲချက် စာနဲ့တင်သွင်းတာကို တရားရုံးက စိစစ်လက်ခံခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

တရားရုံးနဲ့နီးစပ်သူတဦးက "ရုံးချိန်းက လာမယ့် ၂၀ ရက်နေ့ ၉ နာရီခွဲကို ပြန်ချိန်းလိုက်ပါတယ်။ ဘာမှ မဆောင်ရွက်ဖြစ်ဘူးဗျ။ ဒီနေ့တော့ ရိုးရိုးဘက်၊ စိစစ်ရန်ပဲချိန်းထားတော့ လာမယ့် ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးဖို့၊ ကန့်ကွက်ထားတဲ့အပေါ်မှာ  နှစ်ဖက် လျှောက်လဲချက်ပေးရမှာ၊ ဒီနေ့ဘာမှမထူးခြားပါဘူး”လို့ ပြောပါတယ်။

မတ် ၂၀ ရက်နေ့ ပထမအကြိမ်လေလံပွဲတုန်းက သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လေလံဆွဲမယ့် သူမရှိတာကြောင့် လေလံပွဲမအောင်မြင်ဘဲ ခြံအမှတ် ၅၄ ကို နောက်တကြိမ်လေလံတင်ဖို့ ရက်ရွှေ့ဆိုင်းခဲ့တာပါ။

ခြံအမှတ် ၅၄ ကို ဒုတိယအကြိမ်လေလံတင်တဲ့အခါမှာ လေလံဆွဲသူကို ခြံဝင်းထဲ ဝင်ကြည့်ခွင့်ပေးဖို့၊ ခြံဝင်းထဲမှာပဲ လေလံပစ်ဖို့နဲ့ လေလံမတင်ခင် သတင်းစာတွေကနေ ကြော်ငြာဖော်ပြဖို့ စတဲ့အချက်သုံးချက်ကို ဦးအောင်ဆန်းဦးရဲ့ရှေ့နေက မေ ၁၅ ရက် ရုံးချိန်းတုန်းက နှုတ်နဲ့အဆိုပြုခဲ့ပါတယ်။

ကြမ်းခင်းဈေး လျှော့ချသတ်မှတ်ဖို့ကိုတော့ ဦးအောင်ဆန်းဦးက မေလ ၂၃ ရက်နေ့မှာ လျှောက်ထားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ကနေ ပြောင်းရွှေ့ထားတယ်လို့ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၆ ရက်နေ့မှာ ပြောဆိုခဲ့ပေမဲ့ ဘယ်နေရာမှာဆိုတာကိုတော့ လက်ရှိအချိန်အထိ အတိအလင်း မထုတ်ပြန်သေးပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး အားစိုက် ဆောင်ရွက်ကြဖို့ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်က တိုက်တွန်းလိုက်ပါတယ်။  

“သူနဲ့အတူ အလုပ်လုပ်ခဲ့တဲ့အချိန်တုန်းကရော၊ အကျဉ်းထောင်ထဲမှာ အတူရှိနေတုန်းကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျနော် အရမ်းစိုးရိမ်ပါတယ်။ ကျနော် လွတ်မြောက်လာတာတောင် ဘုရားရဲ့ မယုံနိုင်စရာ ကရုဏာတရားနဲ့ချီးမွမ်းခြင်းကြောင့် ကံကောင်းပြီး လွတ်မြောက်လာတာပါ။ ဒါကြောင့် စစ်အစိုးရက သူ့ကို အသုံးချပုံနဲ့ ပတ်သက်ပြီး တကယ်ကို စိုးရိမ်မိပါတယ်။ စစ်တုရင်ကစားသလို အခြေအနေအတွက် အရမ်းစိတ်ပူပါတယ်။ ကျနော် လွတ်တုန်းက သူ့ကို နောက်ဆုံးတွေ့ခဲ့တာက အခုဆိုရင် သူ့အတွက် အကောင်းဖြစ်လာပါတယ်။ သူ့အပေါ် ရည်ရွယ်ထားတဲ့ အခြေအနေတွေကတော့ မကောင်းပါဘူး။ သူတို့က ရည်ရွယ်ချက်ရှိရှိ သူ့ကိုအသုံးချဖို့ ကြိုးစားတယ်ဆိုတာ အရမ်းရှင်းပါတယ်။ ကျနော်တို့ကလည်း သူနဲ့တွေ့ဆုံခွင့်ရဖို့ အခြေအနေတွေကို အပြည့်အဝအားစိုက်ဖို့ လိုပါတယ်။ သူ့ရဲ့စိတ်ကြံ့ခိုင်မှုက ဗိုလ်ချုပ်တွေကို အားနည်းစေတာကို ကျနော်တို့က အခွင့်အရေးယူ အသုံးချရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို အလွန်အမင်း စိုးရိမ်နေရတာပါ။"

စစ်ကောင်စီတရားရုံးက အသက် ၇၈ နှစ်အရွယ်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ (၁၄) ခုအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီက ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတော့ဘဲ သတင်းအမှောင်ချထားခဲ့ပါတယ်။

အာဆီယံအပါအဝင် ဒေသတွင်း နိုင်ငံရေးဩဇာရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုတာတွေရှိခဲ့ပေမဲ့ စစ်ကောင်စီက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024