Home
မြန်မာသတင်း
ကန့်ဘလူ ကျေးရွာ ၄ ရွာအား စစ်တပ်ကစီးနင်းပြီး အမျိုးသား ၄၀ ခန့်ကို ဖမ်းဆီး
DVB
·
June 13, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက အမျိုးသား အယောက် ၄၀ နီးပါးကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်က ခေါ်သန္တီ၊ မိုးကြိုး၊ အုတ်ဖို၊ အုန်းတော စတဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၃၅ နဲ့ ၄၀ ကြား လူလတ်ပိုင်း အမျိုးသားတွေဖြစ်ပြီး သူတို့ကို ထန်းကုန်းစံပြရွာက စစ်ကောင်စီအထိုင်စခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Infinity Group မှ ကိုအနန္တက “မနေ့က ဒီတိုင်း အင်အားဖြန့် ပိတ်ဆို့ပြီးတော့မှ အဓမ္မဝင်ဖမ်းသွားတာ။ အဖမ်းခံရသူတွေက လူလတ်ပိုင်းတွေဗျ။ လူငယ်တွေကကျတော့ စစ်မှုထမ်းနဲ့ ပျူစောထီးထဲ ဝင်ရမှာကြောက်တော့ ရပ်ဝေးမှာ ရှောင်နေကြတာ။ ရွာထဲမှာရှိတဲ့ သက်လတ်ပိုင်း လူကြီးတွေပဲ အဖမ်းခံရတာပေါ့။ လာဖမ်းတဲ့အထဲ စစ်သားနဲ့ရဲတော့ နည်းနည်းပဲပါတယ်။ ထန်းကုန်းက ပျူစောထီးနဲ့ တန့်ဆည်ဘက်က ပျူစောထီးတွေ များတယ်” လို့ ပြောပါတယ်။

ရွာသားတွေ ဖမ်းဆီးခံရတဲ့ ကျေးရွာ ၄ ရွာမှာ ပျူစောထီးတွေက တပ်စွဲပြီး ရွာကို ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။

ဇွန်လ ပထမအပတ်အတွင်း အဓမ္မစစ်မှုထမ်း ​ခေါ်​ဆောင်ခံရတဲ့အတွက် ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်အတွင်း ကျေးရွာ​ ၇ ရွာမှာ ဒေသခံ ၃,၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013