Home
မြန်မာသတင်း
မန္တလေးတွင် စစ်တပ်က ဖုန်းများကိုစစ်ဆေးပြီး VPN တွေ့ပါက ဖမ်းဆီးငွေညှစ်
DVB
·
June 13, 2024

မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်က မြို့ပေါ်လမ်းဆုံနဲ့ မြို့အဝင်အထွက်နေရာတွေမှာ ဇွန် ၁၂ ရက်က စစ်ဆေးနေပြီး စစ်ဆေးခံရသူရဲ့ ဖုန်းထဲမှာ VPN ဆော့ဖ်ဝဲလ် တွေ့ရှိပါက ငွေကျပ် ၂ သိန်းအထိ တောင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီ စစ်ဆေးမှု ပုံမှန်ပြုလုပ်နေပြီး VPN ဆော့ဖ်ဝဲလ် တွေ့ရှိပါက တဦးကို ငွေကျပ် ၂ သိန်းပေးမှသာ ပြန်လွှတ်ပေးနေကြောင်း စစ်ဆေးခံရသူတဦးက ပြောပါတယ်။

“လမ်းပေါ်မှာတားပြီး စစ်နေတာ၊ ကျနော့်ရှေ့က စစ်ခံရသူမှာ VPN ပါလို့ဆိုပြီး ပိုက်ဆံတောင်းတာ၊ သူဘယ်လိုပြောပြော မရဘူး၊ ပိုက်ဆံ ၂ သိန်း တောင်းနေတယ်၊ ကျနော်က VPN ချိတ်ရတာ စိတ်မရှည်လို့ ဖေ့စ်ဘွတ်ခ်ကော VPN ကော ဖျက်ထားလို့ ကျနော့်ကိုတော့ ဘာမှမမေးဘူး၊ ပေးသွားတယ်။”

ပြည်သူတွေအနေနဲ့ VPN အသုံးပြုပါက စစ်ကောင်စီတပ်က ထောင်ဒဏ်တနှစ်ကနေ ၃ နှစ်အထိ ချမှတ်မယ်လို့ ထုတ်ပြန်ပြီးနောက် မြို့ပေါ်မှာ စစ်ကောင်စီတပ် လက်​အောက်ခံ စစ်သားနဲ့ ရဲတွေ စစ်ဆေးနေတာလို့ သိရပါတယ်။

မန္တလေးမြို့နေ အသက် ၂၀ ကျော်အရွယ် လူငယ်တဦးက “VPN အသုံးပြုရတာလည်း အဆင်မ​ပြေဘူး၊ ဖုန်းထဲမှာတင် VPN က ၅ ခုလောက် ထည့်ထားရတယ်၊ သုံးနေရင်းနဲ့ ခဏခဏပြုတ်သွားတာ၊ ရတဲ့ VPN ချိတ်သုံးလည်း ခဏနေဆို မရတော့ဘူး။ အင်တာနက်လိုင်း Wifi လည်း မီးမလာရင် ပျက်တယ်၊ VPN ကလည်း ချိတ်မရဘူး” လို့ ပြောပါတယ်။

မန္တလေးမြို့ပေါ် နေရာ ၁၀ ခုထက်မနည်းမှာ စစ်သားတွေ စစ်ဆေးနေပြီး VPN စစ်ဆေးခံရပြီး ငွေတောင်းခံရသူ အရေအတွက် များကြောင်း ဒေသခံတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013