Home
မြန်မာသတင်း
မဲဆောက်တွင် ထိုင်းဘတ်ငွေ ၁ သန်းခန့်တန်ဖိုးရှိ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိ
DVB
·
June 13, 2024
photo Crd-Siang Khun U

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ပကျေးရွာအထွက်ဟွေ့ဟင်ဖွန် အကောက်ခွန် စစ်ဆေးရေးဂိတ်မှာ အရပ်ဘက်ကုန်ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီပိုင် ကားတစီးပေါ်ကနေ ထိုင်းဘတ်ငွေ ၁ သန်းတန်ကြေးရှိတဲ့ တရားမ၀င် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇွန် ၁၁ ရက် ညနေပိုင်းမှာ ရာ့ချ်မနူအထူးတပ်ဖွဲ့တပ်မှူးအပါအ၀င် မဲဆောက်လှည့်ကင်းရဲတပ်ဖွဲ့၊ မဲဆောက်အုပ်ချုပ်ရေးတာ၀န်ရှိသူတွေပါ၀င်တဲ့ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က လုံခြုံရေး တာ၀န်ဆောင်ရွက်နေစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီကားပေါ်မှာ UV 8000D အမျိုးအစား စကားပြောစက်တွေ၊ စစ်ဘက်သုံးပလတ်စတစ်ဖိုင်ဘာ ကျည်ကာ ဦးထုပ်တွေ ၊ စစ်ဘက်သုံးကျည်ကာအင်္ကျီတွေ၊ စစ်ဖိိနပ်တွေ၊ စစ်ဘက်သုံး ယူနီဖောင်းတွေစတဲ့ ကာလတန်ဖိုး ဘတ် ၁ သန်းလောက်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရီးယန်းမြို့ကို လိပ်မူထားတဲ့လိပ်စာပါရှိပြီး မြန်မာပြည်တွင်းထဲကို ပို့ဆောင်မဲ့ပစ္စည်းတွေဖြစ်ကြောင်းတော့ ဖော်ပြထားခြင်းမရှိပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF အမှတ်တံဆိပ် အနီနောက်ခံကြယ်ဖြူဘတ်တံဆိပ်ကို ကျည်ကာအင်္ကျီမှာ တပ်ဆင်ထားတာ တွေ့ရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်အသုံးအဆောင်တွေကို ပိုင်ရှင်မဲ့သိမ်းဆည်းသွားမှာဖြစ်ပြီး တရားဥပဒေအရ  ဆက်လက်အရေးယူဖို့ကြိုးစားနေတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

Source/Photo: RDM News/ Nakhon Maesot Update

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013