ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ တိုက်ပွဲတွေအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို စစ်ကောင်စီက လျော်ကြေးပေးဖို့ဆိုပြီး စာရင်းတွေ ကောက်နေပေမဲ့ တဖက်မှာ စစ်မှုထမ်းဆင့်ခေါ်တာတွေ တောက်လျှောက်လုပ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေက DVB ကို ပြောပါတယ်။
ဇန်နဝါရီလကစခဲ့တဲ့ တိုက်ပွဲတွေပြီးတဲ့နောက် စစ်ကောင်စီဟာ ဆီဆိုင်မြို့နဲ့ မြို့နားကို ထိန်းချုပ်ထားနိုင်ကာ ပျက်စီးခဲ့တဲ့ ရပ်ကွက်တွေမှာလည်း ပြီးခဲ့တဲ့လထဲမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ပါတယ်။
လက်တွေ့မှာတော့ လျော်ကြေးပေးဖို့ဆိုပြီး စာရင်းကောက်သွားပေမဲ့ မရသေးဘူးလို့ ဆီဆိုင်မြို့ခံက DVBကို ပြောပါတယ်။
ပျက်စီးမှုပေါ်မူတည်ပြီး ကျပ် ၁၀ သိန်းကနေစကာ ပေးနေတာဖြစ်ပြီး စုစုပေါင်း ကျပ် သိန်း ၄၀၀၀ ကျော် ပေးခဲ့ပြီးပြီလို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဆီဆိုင်မြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့နီးဝန်းကျင်က ကျေးရွာကို ဦးတည်ပြီး စစ်ကောင်စီက လျော်ကြေးပေးဖို့ စာရင်းကောက်နေတာလို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဆီဆိုင်မြို့ပေါ်ရပ်ကွက်နဲ့ အနီးတဝိုက်က ကျေးရွာ ၆ ရွာကို ဦးတည်တာပေါ့။ သူတို့ပြုစုထားတဲ့ စာရင်းအရ လုံးဝထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို တအိမ်ကို ၁၀ သိန်းပေးတာမျိုး မနေ့က စာရင်းရတယ်။ စစ်မှုထမ်းက ဆက်ဖြစ်လာမယ့် အနေအထားလည်းရှိတယ်။ ခုက စာရင်းတွေလည်း ကောက်နေတယ်။ စာရင်းက ပြည်သူ့စစ်ကကောက်တာ။ စစ်မှုထမ်းအကြောင်းပြုပြီး ပိုက်ဆံကောက်တဲ့ကိစ္စက ဆက်ဖြစ်နေတုန်းပဲ။”
ပြီးခဲ့တဲ့ ဇန်နဝါရီကစခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဟာ လက်ရှိအချိန်ထိ ပြင်းထန်နေဆဲပဲလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) ဆီက သိရပါတယ်။ ဆီဆိုင်အပြင် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ ညောင်ရွှေတို့မှာ တိုက်ပွဲဖြစ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက DVB ကို ပြောပါတယ်။
“ဆီဆိုင်နဲ့ ရှမ်းတောင် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ ညောင်ရွှေ ဒီဒေသတွေကတော့ နေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်။ ဆီဆိုင်ပတ်ဝန်းကျင်မှာလည်း မနေ့ကထိ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ စစ်ကောင်စီက လျော်ကြေးပေးနေတာက ဆင်သေကို ဆိတ်သားရေနဲ့ဖုံးတာ ဖြစ်တယ်။ သိန်းပေါင်းသိန်းချီတန်တဲ့ တန်ဖိုးဖြတ်မရတဲ့ ပြည်သူတွေရဲ့အိမ်တွေ၊ တန်ဖိုးဖြတ်မရတဲ့ အသက်တွေကို သတ်ဖြတ်ဖျက်ဆီးပြီးမှ တဆယ်ဖိုး ပြန်လျော်ပြတဲ့ အနေအထားဖြစ်တယ်။”
ရှမ်းတောင်ဒေသမှာ ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ကနေစပြီး စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တွေက စစ်မှုထမ်းဆင့်ခေါ်တာတွေ တောက်လျှောက်လုပ်နေပြီး စစ်သင်တန်းပေးနေပါတယ်။
တိုက်ပွဲကာလ ၅ လနီးပါး ရှိလာချိန်မှာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၅၅,၀၀၀ လောက် ရှိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက သိရပါတယ်။
မြတ်ကြီး