Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီလမ်းပိုင်း ဆက်သွယ်ရေးခက်ပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်
DVB
·
June 12, 2024

ကော့ကရိတ်-မြဝတီလမ်းပိုင်း ဆက်သွယ်ရေးခက်ခဲတာတွေကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး မြန်မာ-ထိုင်းနယ်စပ်မှာ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ဝယ်ယူမရဘူးလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတွေကနေ ဒေါနတောင်ကို ဖြတ်သန်းပြီး ခရီးသည်နဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်ခဲ့ရပါတယ်။

မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာပြီး လမ်းပိုင်းအားလုံး ယာယီပိတ်ထားတာကြောင့် ကော့ကရိတ်-မြဝတီ (အောက်ဗိုလ်တဲ) လမ်းဟောင်းကို ပြန်လည်အသုံးပြုနေတာပါ။

ဇွန် ၉ ရက်ကစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် လမ်းပိုင်းတလျှောက် မြေပြိုတာ၊ လမ်းမြေသား ရေတိုက်စားတာ၊ လမ်းပိတ်ဆို့မှုတွေကြောင့် ခရီးသည်နဲ့ ကုန်စည်တွေ ရပ်နားခဲ့ရပါတယ်။

ဒေသခံတဦးက “ကုန်ဈေးနှုန်းတွေက အကုန်တက်တယ်။ လက်ရှိပြတ်နေတာက ဆန်ပြတ်နေတာ။ ဆန်က ဈေးမတရားကြီး ထိုးတက်သွားတယ်။ ဈေးတက်တဲ့အပြင် ဆန်ပြတ်သွားတယ်။ ဝယ်မရတဲ့ဆိုင်တွေ အများကြီး။ ဆန်မရှိဘူးပဲ ပြောတယ်။ အစစအရာရာ အကုန်တက်တယ်” လို့‌ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် ဘားအံ-မြဝတီ ခရီးသည်တယောက်ကို ယာဉ်စီးခ အရင် ကျပ် ၈၀,၀၀၀ ကနေ အခု ကျပ် ၁၀၀,၀၀၀ အထိနဲ့ ကုန်စည်တင်ဆောင်ခတွေပါ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

မြဝတီမြို့မှာ အရင်က ထူး ၇ လုံး ၆ ပြည်အိတ်တအိတ် ၄၀,၀၀၀ ကျော်ကနေ  အခု ကျပ် ၇၅,၀၀၀ ကနေ ကျပ် ၈၀,၀၀၀၊ ဆန်ကြမ်း ၂၄ ပြည်တအိတ်ကိုကျပ် ၂၀၀,၀၀၀ ကျော်၊ ကြက်ဥတလုံး  ၄၀၀ ကျပ်၊ ဘဲဥတလုံး ၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တပိဿာ ကျပ် ၂၀,၀၀၀၊ ကြက်သွန်နီ ကျပ် ၄,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် စားသောက်ကုန်အဝင်မရှိတာကြောင့် ဝယ်ယူလို့မရဘဲ မြဝတီမြို့ တဖက်ကမ်း မဲဆောက်ဘက်ကနေ ပြန်ဝယ်နေရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “မြဝတီက  မဲဆောက်ကနေ အကုန်ဝယ်ယူနေရတယ်။ ဟိုဘက်(ဘားအံ)က ဘာမှမဝင်ဘူး။ ကားတွေ သွားမရဘူး။ မြေတွေပြိုကျပြီး ပိတ်နေတယ်။ ကုန်စိမ်းတွေက ရက်ကြာတော့ လမ်းမှာပျက်စီးတာတွေ အများကြီး။ ခရမ်းချဉ်သီးကားတွေ ဆိုရင် ကားအစီးလိုက် ပစ်လိုက်ရတယ်။ ကြက်သွန်တွေဆိုရင် ဒီဘက်မှာ မိုးစိုတွေ ဖြစ်ကုန်တယ်။ ကုန်သည်က မဲဆောက်ကဝယ်ပြီး ဈေးတင်ရောင်းကြတယ်။ စားသုံးသူတွေ ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

မြန်မာ-ထိုင်း ကုန်သွယ်မှုအနေနဲ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန် အဓိက တင်ပို့နေတာပါ။

ထိုင်းနိုင်ငံကနေ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လယ်ယာသုံးစက်နဲ့ စက်အပိုပစ္စည်းတွေ၊ ဆေးဝါး၊ အထည်အလိပ်၊ အလှကုန်၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်တင်သွင်းနေတာပါ။

လက်ရှ ကုန်စည်စီးဆင်းမှု အခြေအနေဟာ အဆိုးဝါးဆုံးအခြေအနေတခုကို ဖြတ်သန်းနေရတဲ့ ကာလဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကုန်သည်တဦးက “အဲဒီဘက်မှာ ဈေးတွေကြီးနေတာ ရှိတယ်။ ဒါက အပေါ်ကို တဆင့်ပြန်သွားလို့ ရနေသေးလို့။ အဲဒီတဆင့် သွားနေတာတွေ သွားလို့မရတော့တဲ့နေ့ကျရင် ဆိုးဆိုးဝါးဝါး မြဝတီဘက်မှာ ဈေးထိုးတက်သွားနိုင်တာတွေ အများကြီးရှိတယ်။ ဒီနှစ်ကတော့ တော်တော်အန္တရာယ်ရှိတဲ့နှစ်လို့ ပြောလို့ရတယ်။ အဆိုးဆုံးအချိန်ကာလတခုကို ဖြတ်သန်းနေရတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ ဒေါ်လာဈေးမြင့်တက်တာနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုတွေ ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်တွေကနေ ကုန်သွယ်မှုပြုလုပ်နေတာ ဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလအထိ မြဝတီနယ်စပ်ကနေ ပို့ကုန် ဒေါ်လာ ၉ သန်းကျော်၊ သွင်းကုန် ဒေါ်လာ ၁၀ သန်းကျော်ရရှိပြီး ကုန်သွယ်မှုအနေနဲ့ တတိယ ရရှိထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013