ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံးကို ဇွန် ၁၁ ရက် ညမှာက မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံးက မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ခုံးတံတားအောက်မှာ တည်ရှိပြီး မြောက်ဥက္ကလာပမြို့နယ် ပကဖက အားပြင်းရီမုတ်မိုင်း ၂ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ယာဉ်ထိန်းရဲ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
“၂ ယောက်လုံး ပြင်းပြင်းထန်ထန် ထိဖို့ပါပဲ။ မိုင်းက ၂ လုံးမှာ တလုံးက နည်းနည်းဝေးသွားလို့ တယောက်ကပဲ တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ အခုမစ်ရှင်ကိုလည်း သံမဏိနှင်းဆီ ၁၉ ရက်နေ့ပြုလုပ်မယ့် လူထုကမ်ပိန်းအတွက် ဖော်ဆောင်တာပါ။"
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံး ဂိတ်အဝမှာ မိုင်းဆင်ထားခဲ့ပြီး ဂိတ်ပေါက်ဝမှာပဲ မိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဆက်လက်ပြီး တာဝန်ရှိသူက “ဂိတ်အဝင်အဝမှာတင် ခွဲတာပါ။ အဲဒီအချိန်က ဂိတ်မှာလည်း အစောင့်တွေ ဘာတွေလည်း မရှိသေးဘူးလေ။ ဘဲဥ ၂ ကောင်က ပြည်သူကားတွေဆီက ငွေတောင်းပြီး ပြန်လာချိန် စောင့်ပြီး မိုင်းခွဲလိုက်တာ” လို့ ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံးကို တိုက်မိုင်းခွဲ တိုက်ခိုက်တာ အခု ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်ကလည်း ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုံးအတွင်းမှာရှိတဲ့ မော်တော်ကားတွေ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာရခဲ့ပါသေးတယ်။