Home
မြန်မာသတင်း
မြန်မာတွင် ကလေးသူငယ်များအပေါ်  အကြမ်းဖက်မှု အဆိုးရွားဆုံးဖြစ်လာဟု  ကုလ ပြော
DVB
·
June 12, 2024

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုပြီးတော့ ပြင်းထန်ဆိုးရွားလာတယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြပါတယ်။

“လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ” မှာ ခုလို ဖော်ပြလိုက်တာဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေတွေကနေ မြန်မာ အပါအဝင် ဆူဒန်နဲ့ ယူကရိန်းတို့အထိ အကျပ်အတည်းတွေအတွင်း မကြုံစဖူး သေဆုံးမှုနဲ့ ဒဏ်ရာရသူ အရေအတွက်နဲ့အတူ ပဋိပက္ခတွေ များပြားလာကာ ကြီးထွားလာနေတဲ့ ကလေးသူငယ်တွေ အပေါ် အကြမ်းဖက်မှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ကြီးထွားလာနေတဲ့ ပြည်တွင်းစစ်ကြောင့် ကလေးသူငယ်တွေအပေါ် ပြင်းထန်စွာ ချိုးဖောက်မှု ၁၂၃ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရပြီး မြန်မာစစ်တပ်နဲ့ ဆက်စပ် ပြည်သူ့စစ်တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဟာလည်း အခုနှစ်ရဲ့ အမည်ပျက် စာရင်းမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်နဲ့ မဟာမိတ် ပြည်သူ့စစ်တွေကြောင့် သတ်ဖြတ်ခံရမှု ၂၃၈ မှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ၆၂၃ မှု အပါအဝင် ကလေးသူငယ် ၂,၀၉၃ ဦးအပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှု ၂,၇၉၉ ခုကိုလည်း ကုလသမဂ္ဂက အတည်ပြုခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကွန်ဂို၊ ဘာကီနာဖာဆို၊ ဆိုမာလီယာနဲ့ ဆီးရီးယားတို့ကို ကိုးကားပြီးတော့ ပဋိပက္ခတွေ အတွင်း အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေအပေါ် ထိတ်လန့်ဖွယ်ရာ ချိုးဖောက်မှု ၂၁ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း ဖော်ပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ကလေးသူငယ် ၁,၅၂၆ ဦးအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှုပေါင်း ၁,၇၂၁ ကြိမ်ကို စစ်ဆေး အတည်ပြုနိုင်ခဲ့ကြောင်းနဲ့ အထူးသဖြင့် ကလေးသူငယ်စုဆောင်းတာ၊ သတ်ဖြတ်တာ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အလွန်ထိတ်လန့်မိတယ်လို့ ပြောလိုက်ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာတော့ သတ်ဖြတ်ခြင်းနဲ့ လှည့်စားခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ကလေးတွေကို စုဆောင်းခြင်းနဲ့ အသုံးချခြင်း၊ အကူအညီပေးခွင့်ကို ငြင်းပယ်ခြင်းနဲ့ ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်ခြင်း စတဲ့ ချိုးဖောက်မှု ၆ ခု အကြောင်း ထည့်သွင်းထားကာ ကမ္ဘာလုံးဆိုင်ရာ ကျူးလွန်သူများစာရင်းကို ဇွန် ၁၄ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြသွားဖို့ ရှိနေပါတယ်။

ကုလသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက် ချိုးဖောက်မှုပေါင်း ၃၀,၇၀၅ မှုကို အတည်ပြုနိုင်ခဲ့ပြီး ၂,၂၈၅ မှုကတော့ အစောပိုင်း ကျူးလွန်မှုတွေဖြစ်ကာ ယောကျ်ားလေး ၁၅,၈၀၀ နဲ့ မိန်းကလေး ၆,၂၅၀ ကို ထိခိုက်သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Source: AP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013