Home
မြန်မာသတင်း
ရိုးသားကြိုးစားသည့် မြန်မာအိမ်အကူကို ထိုင်းသူဌေးက မွေးနေ့လုပ်ပြီး ရွှေဆွဲကြိုး လက်ဆောင် ပေး 
DVB
·
June 12, 2024

ထိုင်းနိုင်ငံ ဘန်ကောက်က အိမ်တအိမ်မှာ အိမ်အကူအလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တဦးဟာ ရိုးသားပြီး အလုပ်ကြိုးစားတဲ့အတွက် အလုပ်ရှင်သူဌေးက မွေးနေ့ပွဲလေးလုပ်ပြီး ရွှေ ဆွဲကြိုးတကုံး လက်ဆောင်ပေးခဲ့ပါတယ်။ 

ချိုလို့ အမည်ရတဲ့ အိမ်အကူဟာ လွန်ခဲ့တဲ့ ၄ နှစ်က အိမ်ကို ရောက်လာခဲ့တယ်။ အဲဒီတုန်းက ချိုနဲ့ သူ့အမေဟာ အလုပ်လက်မဲ့ဖြစ်ပြီး သွားစရာနေရာလည်းမရှိခဲ့ဘူး၊ သူတို့သားအမိကို လက်ခံလိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သူဌေးဖြစ်သူ အေ ကျကဖတ်က  သူ့ရဲ့ လူမှုကွန်ရက်မှာ ဗွီဒီယိုရိုက်ပြီး ပြောထားပါတယ်။ 

ချိုဟာ ရိုးသားပြီးအလုပ်ကြိုးစားသူဖြစ်တယ်၊  သူဌေးခရီးသွားတိုင်း အိမ်ကို သေချာစောင့်ပေးတယ်၊ ဘာပစ္စည်းမှမပျောက်ဖူးဘူး၊ သူ့ကို မနက် ၇ နာရီ အလုပ်ချိန် သတ်မှတ်ပေးပေမဲ့ နေ့တိုင်း ၇ နာရီမထိုးခင် ရောက်လာတယ်၊ သူဟာ ဒီအိမ်ကြီးရဲ့ မိသားစုဝင်တယောက်လို ဖြစ်လာတယ်၊ ဒါကြောင့် သူ့ရဲ့ ပထမဆုံးအကြိမ်မွေးနေ့ကို ကျင်းပပေးတာလို့ ဆိုပါတယ်။ 

သူ့ကို မွေးနေ့လုပ်ပေးမယ်ဆိုတာကိုတော့ ကြိုပြောထားခြင်းမရှိဘူး၊ ဒီကနေ့ မွေးနေ့ပွဲရှိတယ်၊ အလုပ်ကို နည်းနည်းနောက်ကျမှပြန်ဖို့ သူဌေးက မှာထားတယ်၊ အဲဒီနောက် ကိုးရီးယားသီချင်းတွေကြိုက်တဲ့ သူမအတွက် ကိုးရီးယားအစားအစာတွေ မှာထားတယ်၊ အစားအသောက်တွေ လာပို့တော့လည်း သူ့အတွက်ဆိုတာ မသိရှာဘူး၊ မွေးနေ့ဖယောင်း တိုင်လိုက်ရှာခိုင်းတော့လည်း သူ့အတွက်ဆိုတာ မသိရှာဘူး၊ အစားအသောက်ပြင်ဆင်တော့ သူဌေးက သူ့ကို ကိုးရီးယား ဘာကြောင့်ကြိုက်လဲမေးတော့ သူက မင်းသားတွေချောလို့တဲ့၊ ကိုးရီးယားအစားအစာတော့ တခါမှမစားဖူးသေးဘူးတဲ့။ 

အဲဒီနောက်သူဌေးက မွေးနေ့ကိတ်နဲ့ဖယောင်းတိုင်ထွန်းပြီး ဟက်ပီးဘတ်ဒေးသီချင်း ဝိုင်းဆိုခိုင်းတယ်၊ အဲဒီအထိလည်း အဲဒီကိတ်ဟာ သူ့အတွက်ဆိုတာ မသိသေး၊ သီချင်းဆုံးသွားတော့ သူဌေးက သူကို မွေးနေ့ဆုတောင်းပေးပြီး ဖယောင်းတိုင်မီးမှုတ်ခိုင်းတယ်၊ သူမ အလွန်အံ့ဩဝမ်းသာပြီး မျက်ရည်တွေကျလာတယ်၊ သူဌေးက မပြီးသေးဘူးနော်ဆိုပြီး လက်ဆောင်တခု ထပ်သွားယူလာတယ်၊ အဲဒါကတော့ ရွှေဆွဲကြိုးတကုံးဖြစ်ပြီး သူဌေးကိုယ်တိုင် လည်ပင်းမှာဆွဲပေးကာ မွေးနေဆုတွေပေးပါတယ်၊ သူမလည်း ဝမ်းသာလွန်းလို့ သူဌေးကို ထိုင်ကန်တော့ပါတယ်၊ သူ့ဘဝမှာ မွေးနေ့ပွဲလုပ်တာ ဒါပထမဆုံးအကြိမ်ပဲလို့ ပြောပါတယ်။ 

အဲဒီနောက် ကိုးရီးယားအစားအစာတွေကို သူဌေးမိသားစုနဲ့ တဝိုင်းတည်း စားသောက် ခဲ့ရပါတယ်။ 

ဒီကမ္ဘာမှာ လူပေါင်းသန်းနဲ့ချီရှိတယ်၊ ဒီလူတွေထဲကနေ တဦးနဲ့တဦး မိသားစုလို လာရောက် ဆုံတွေ့ရတာဟာ တိုက်ဆိုင်မှုမဟုတ်ဘူး။ ဘယ်အခြေအနေ ဘယ်လိုအဆင့်အတန်းမှာရှိရှိ မိမိသည် မိမိပတ်ဝန်းကျင်အတွက် တန်ဖိုးရှိသောသူ၊ မိမိပတ်ဝန်းကျင်ကို ပျော်ရွှင် အောင်ဆောင်ကြဉ်းပေးနိုင်သူဖြစ်ရမယ်လို့ သူဌေးက ဆုံးမစကားပြောသွားပါတယ်။ 

အဆိုပါသူဌေးမှာ ကြော်ငြာလုပ်ငန်းရှင်ဖြစ်ပြီး ဗေဒင်လက္ခဏာကျွမ်းကျင်သူတဦးလည်း ဖြစ်တာ ကြောင့် ထိုင်းမှာလူသိများပြီး သူ့ရဲ့လူမှုကွန်ရက် A neon - เอ นีออน မှာလည်း  follower နှစ်သန်းကျော်ရှိပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြီးခဲ့တဲ့လကလည်း ရိုးသားကြိုးစားတဲ့ မြန်မာအိမ်အကူကို သူဌေးက ဘတ် ၁ သန်းတန် နေအိမ်တလုံး ဆောက်ပေးခဲ့ပါသေးတယ်။ 

ကိုးကား - A neon 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024