တရုတ်နိုင်ငံက NLD အစိုးရအား ကတိပြုခဲ့တဲ့ ကင်းလှည့်ရေယာဥ် ၆ စီးကို ဇွန် ၁၁ ရက် မနက်က ရန်ကုန်မြို့ရှိ ဝါးတန်းဆိပ်ကမ်းမှာ လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
ရန်ကုန်၊ လမ်းမတော်မြို့ ဝါးတန်းဆိပ်ကမ်းမှာရှိတဲ့ အမှတ် ၃ ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့၊ ခွဲမှူးရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို လွှဲပြောင်းပေးခဲ့တာပါ။
တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက “အခုရက်ပိုင်း တရုတ်သံအမတ်ကြီးနဲ့ တိုင်းမှူးတွေ၊ ဝန်ကြီးချုပ်တွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ တွေ့တာ များတယ်။ ဇွန်လ ၆ ရက်က လှိုင်သာယာမှာ ဝန်ကြီးချုပ်နဲ့ ကျောင်းသုံးပစ္စည်းတွေ လှူတာ ရှိတယ်။ သံအမတ်ကြီးကို ဒုဗိုလ်ချုပ်ကြီး လာတွေ့တာလည်းရှိတယ်” လို့ ပြောပါတယ်။
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနဲ့ အိမ်နီချင်းကောင်း ချစ်ကြည်ရေးတို့အပေါ် အခြေပြုပြီး ရေကြောင်းရဲတပ်ဖွဲ့ အားကောင်းစေရေးအတွက် လှူဒါန်းတာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ပေးအပ်ပွဲမှာ ပြောပါတယ်။
ကင်းလှည့်ရေယာဥ် ၆ စီးမှာ ၂၈ မီတာကင်းလှည့်ရေယာဥ် ၂ စီးနဲ့ ၄၈ မီတာကင်းလှည့်ရေယာဥ် ၄ စီးဖြစ်ပြီး နိုင်ငံအတွင်း ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနဲ့ ရေအရင်းအမြစ် ကာကွယ်အသုံးချမှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါရေယာဥ် ၆ စီးကို ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်က ရေကြောင်းခရီးသွားလာရေးမှာ ကူညီကယ်ဆယ်ရေးနဲ့ စောင့်ရှောက်ရေးအတွက် တရုတ်နိုင်ငံကို အကူအညီတောင်းခဲ့ရာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဥ်အတွင်း ကူညီထောက်ပံ့ပေးမယ်လို့ လက်မှတ်ရေးထိုးခဲ့တာပါ။