Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆိုင်ကယ် အဝယ်မရှိသဖြင့် အရောင်းပြခန်း ၂၂ ခုထက်မနည်း ပိတ်ထားရ
DVB
·
June 12, 2024
Photo - တော်ဝင် + သူရ

စစ်တပ် အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းက မော်တော်ဆိုင်ကယ် အရောင်းဆိုင်တွေမှာ အဝယ်မရှိသလောက် ဖြစ်လာတာကြောင့် ဆိုင်ကယ်အရောင်းပြခန်း ၂၂ ခုထက်မနည်း ပိတ်သိမ်းထားရတယ်လို့ မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးလာကာ စီးပွားရေးတွေ ကျဆင်းလာတာကြောင့် မော်တော်ဆိုင်ကယ်အရောင်းအဝယ် မရှိသလောက်ဖြစ်လာပြီး ဇွန် ၁၁ ရက်အထိ မော်တော်ဆိုင်ကယ် အရောင်းပြခန်း ၂၂ ခုထက်မနည်း ပိတ်သိမ်းထားရတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှ ဆိုင်ကယ်အရောင်းပြခန်း လုပ်ငန်းရှင်တယောက်က “တချို့ကတော့ အရင်က ဆိုင်ကယ်လေးတွေကိုပဲ လက်ကျန်တွေ ဖြတ်ရောင်းနေတယ်။ ဆိုင်ကယ်အရောင်းအဝယ်က လုံးဝကို ရပ်ဆိုင်းသွားတာ။ လက်ရှိ အရောင်းပြခန်း တော်တော်များများ ပိတ်ထားရတယ်။ ပထမ ကိုဗစ်ဖြစ်လို့ စီးပွားရေးမကောင်းတော့ ပိတ်ရတယ်။ ပြန်ဖွင့်ပြီး ထပ်ပြီး ဖြစ်ပေါ်လာတဲ့ အာဏာသိမ်းမှုကြောင့် ပိုဆိုးသွားတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဆိုင်ကယ်အရောင်းပြခန်းတွေကို ရုတ်တရက် ဝင်ရောက်ပြီး လိုင်စင်မဲ့ဘီးတွေ မရှိစေဖို့လို့ ခေါင်းစဉ်တပ် စစ်ဆေးငွေညှစ်တာ၊ ဆိုင်ကယ်စီးသူတွေကို ယာဉ်အန္တရာယ်ကာကွယ်ရေးလို့ ခေါင်းစဉ်တပ် ဖမ်းဆီးစစ်ဆေး ငွေညှစ်တာ၊ ဆိုင်ကယ်ပေါ် ယောက်ျားလေး ၂ ယောက် စီးလာရင် ခြိမ်းခြောက်ငွေညှစ်တာ၊ စက်သုံးဆီဈေးတွေ မဆမတန် ထိုးတက်နေတာ စတဲ့လုပ်ရပ်တွေကြောင့်လည်း အခုလို အရောင်းပြခန်းတွေ ရပ်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။

မအူပင်မြို့မှ ဆိုင်ကယ်အရောင်းအဝယ် လုပ်ငန်းရှင်တယောက်က “စစ်တပ်အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့် လက်ရှိအချိန်အထိ အရောင်းအဝယ် လုပ်ငန်း‌တွေ လုပ်ရတာ မကောင်းတာ။ အရင်က အရမ်းစည်ကားခဲ့တာ။ အခုက မအူပင်မြို့မှာ ကိုယ်တယောက်တည်း အဆင်မပြေတာမဟုတ်ဘူး၊ ကိုယ်နဲ့တန်းတူ လုပ်ငန်းရှင်တွေလည်း စီးပွားရေးတွေ အဆင်မပြေကြတော့ဘူး၊ ဒါ့ကြောင့် ရပ်တန့်ကုန်တာ” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့် ဧရာဝတီတိုင်း ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ မအူပင်၊ မြန်အောင်၊ ကျုံပျော်၊ ဘိုကလေး၊ ကျိုက်လတ်၊ ဇလွန်၊ မော်လမြိုင်ကျွန်း စတဲ့မြို့နယ်တွေမှာရှိတဲ့ ဆိုင်ကယ်အရောင်းပြခန်းတွေ ပိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့နယ်မှ ဆိုင်ကယ်အရောင်းပြခန်း လုပ်ငန်းရှင်တယောက်က “အရင်က အရစ်ကျစနစ်ကော၊ လက်ငင်းစနစ်ကော အရောင်းအဝယ် အရမ်းဖြစ်ခဲ့တာ။ အခုကျ ဘယ်သူမှ ဆိုင်ကယ်ဝယ်ဖို့ မလုပ်ကြတော့ဘူးလေ။ စီးပွားရေးတွေက တော်တော်ကျပ်တည်းလာတယ်။ ကိုယ်တွေ စီးပွားရေးသမားတွေတောင် အဆင်မပြေတာ၊ သာမန်သူတွေက ပိုဆိုးတာပေါ့။ ပိုက်ဆံအနည်းငယ်ရှိသူတွေကျတော့လည်း ဖြစ်နေတဲ့ ခေတ်အခြေအနေကိုကြည့်ပြီး ငွေကို လက်ထဲမှာပဲ ထားကြတာ။ ဆိုင်ကယ်က မရှိမဖြစ်မှ မဟုတ်တော့တဲ့ အခြေအနေ ဖြစ်သွားတာ။ အဲ့တော့ မဝယ်ကြတော့ဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ဆိုင်ကယ်ဈေးကွက်မှာ စစ်တပ်အာဏာမသိမ်းခင်အချိန် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့အချိန်က စီးပွားရေးကျဆင်းမှု ရှိခဲ့ပေမဲ့ မော်တော်ဆိုင်ကယ်တွေ အ‌ရောင်းအဝယ် အဆမတန် ထိုးကျခဲ့တဲ့ အခြေအနေ မရှိခဲ့သလို ဆိုင်ကယ်အရောင်းပြခန်းတွေလည်း အခုလို ပိတ်သိမ်းရတဲ့အထိ မဖြစ်ခဲ့ဘူးလို့ မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013