လေယာဥ်ပျက်ကျမှုကြောင့် လေယာဥ်မှာပါတဲ့ မာလာဝီဒုသမ္မတ ဆော်လို့စ် ချီလီမာနဲ့ ခရီးသည် ၉ ဦး သေဆုံးခဲ့ကြောင်း သမ္မတ ချက်ဝီရာက ကြေညာခဲ့ပါတယ်။
ဒုသမ္မတ ချီလီမာ စီးနင်းခဲ့တဲ့ လေယာဥ်ဟာ အမ်ဇူဇူ နိုင်ငံတကာလေဆိပ်မှာ ဆင်းသက်ရမှာ ဖြစ်ပေမဲ့ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဥ်မှာ ပါဝင်သူတွေ အသက်ဆုံးရှုံးခဲ့တာပါ။
သမ္မတ ချက်ဝီရာက “ပျောက်ဆုံးနေတဲ့လေယာဥ်ကို တွေ့ခဲ့ပြီး ဒုသမ္မတအပြင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ ဒီသတင်းကို ဝမ်းနည်းစွာနဲ့ပဲ ကျနော် ထုတ်ပြန်လိုက်ပါတယ်” လို့ ပြောပါတယ်။
လေယာဥ်ပျက်ကို မာလာဝီနိုင်ငံမြောက်ပိုင်း ချီကန်ဂါဝါတောထဲမှာရှိတဲ့ တောင်ကုန်းအနီးမှာ တွေ့ခဲ့တာပါ။
ချီလီမာဟာ လူကောင်းတဦးဖြစ်ပြီး အမျိုးချစ်တဲ့ နိုင်ငံသားတဦးအဖြစ် ထူးထူးချွန်ချွန် တာဝန်ထမ်းခဲ့ကြောင်းနဲ့ သူ့မိသားစုအတွက်လည်း ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းတဦး ဖြစ်ကြောင်း ချက်ဝီရာက ထပ်မံပြောဆိုခဲ့ပါတယ်။
မာလာဝီဒုသမ္မတ စီးနင်းခဲ့တဲ့ လေယာဥ်ဟာ မြေပြင်ကို ဆင်းသက်ဖို့ ကြိုးစားခဲ့ပေမဲ့ မြင်ကွင်းမရှင်းတာကြောင့် မြို့ကို ပြန်လှည်ခဲ့တာဖြစ်ပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
လေယာဥ်ပျက်ကျမှုကို မာလာဝီ ကာကွယ်ရေးအဖွဲ့တွေက စစ်သား ၂၀၀ နဲ့ ဒရုန်းတွေ အသုံးပြုပြီး ရှာဖွေခဲ့ရတာပါ။
ဒုသမ္မတ သေဆုံးမှုနဲ့ပတ်သက်ပြီး မာလာဝီနိုင်ငံက ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်နေ့အဖြစ် ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ၂၁ ရက် သတ်မှတ်ထားပါတယ်။
Source -Reuters