စဉ့်ကူး၊ မတူပီ၊ ကျီခါး၊ ဟိုပုံးနဲ့ ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ စစ်တပ်၊ ပျူစောထီးနဲ့ ပြည်သူစစ်တွေက နေအိမ်နဲ့ တံတားတွေကို မီးရှို့ဖျက်ဆီးတာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူအချို့ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာရွာကနေ ထုံးကြီးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ပျူစောထီး ပူးပေါင်းတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဇွန် ၁၁ ရက် မနက် ၇ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “သူတို့ ပစ်ကြတာတော့ အတော်လေးကြာတယ်ဗျ။ နှစ်ဖက်ထိခိုက်မှုတော့ မသိရဘူး။ ကျနော်တို့ ဒေသခံတွေကတော့ စကစ လာပြီဆိုတာနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရတယ်။ စစ်ဖြစ်ပြီးတော့ စစ်တပ်က ထုံးကြီးရွာဘက်ကနေ လက်နက်ကြီးနဲ့ ကျေးရွာတွေဆီ ပစ်ခတ်တာတွေ လုပ်တယ်။ အဲလိုပစ်ခတ်လို့ ထီးကုန်းရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲပြီး အမျိုးသမီးတဦး သေဆုံးတယ်။ သေဆုံးတဲ့ အမျိုးသမီးက ကျောင်းဆရာမ ဒေါ်မေဇင်ဝင်းပါ။ အသက်က ၃၀ ဝန်းကျင်လောက်ရှိမယ်။ နောက်ထပ် ပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ ပျူစောထီးတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့ ထုံးကြီးရွာ၊ ထီးကုန်းနဲ့ သာယာဝတီရွာက ပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာနေကြရတယ်လို့ ဆိုပါတယ်။
စဉ့်ကူးပကဖ တာဝန်ရှိရဲဘော်တဦးက “တိုက်ပွဲက သူတို့ ရွာသာယာရွာကနေ ရိက္ခာလုဖို့ သံခွံ ဖလပ်မော်တော်နဲ့ ထုံးကြီးဘက် လာတဲ့အချိန်ကို ကျနော်တို့ အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာဗျ။ စကစဘက်က ဒဏ်ရာရသူတွေရော၊ သေဆုံးသူတွေရော အများအပြားရှိလိမ့်မယ်။ အဲလို ဒဏ်ရာရ သေဆုံးသူတွေ များလို့ ထုံးကြီးရွာက ဖောင်ဆိပ်မှာ လက်နက်ကြီးတွေ ဆင်ပြီး အနောက်ဘက်ကျွန်းပေါ် ရွာတွေကို ပစ်ခတ်ခဲ့တယ်။ ပြည်သူထိခိုက်သေဆုံးတာတွေလည်း ရှိတယ်ဗျ။ စစ်ရေးကတော့ နှစ်ဖက် တင်းမာနေတုန်းပါပဲ” လို့ ပြောပါတယ်။
စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကို အခြေပြုပြီး မြစ်ကမ်းဘေး ကျေးရွာတွေနဲ့ အနီးတဝိုက်ကို မကြာခဏဆိုသလို ဝင်ရောက်ရှာဖွ လုယက်ကြသလို ကျေးရွာတွေကိုလည်း စိတ်မထင်ရင် မထင်သလို မီးရှို့လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးမှာလည်း ဇွန် ၁၁ ရက် မနက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ညနေ ၆ နာရီကျော်မှာ ဗန်းမော် အမတ ၃၆၆ နဲ့ ခလရ ၄၇ တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကမ္ဘားနီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဟုတ်တယ်၊ မိန်းကလေးကတော့ ခြေမျက်စိအောက်ကနေ ပြတ်ထွက်သွားတာ၊ အမျိုးသားကတော့ လက်နက်ကြီးစ စိုက်ဝင်ဒဏ်ရာတွေ ရကုန်တယ်။ သွားရလာရခက်တော့ ရေလမ်းကနေ ပြည်သူ့ဆေးရုံကြီးပို့ဖို့ ကြိုးစားနေပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဇွန် ၁၁ ရက်နေ့ ည ၇ နာရီကျော်မှာလည်း တော်လှန်ရေးတပ်တွေကပစ်ခတ်တဲ့ ရှော့တိုက်ဒုံး ဗန်းမော်မြို့မရဲစခန်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲအချို့ ထိခိုက်ဒဏ်ရာရကာ အရေအတွက်တော့ အတိအကျ မသိရဘူးလို့ အနီးနားနေ ဒေသခံတဦးက ပြောပါတယ်။
“ဟုတ်ပါတယ်၊ လူနာတင်ကားတွေ ရဲစခန်းထဲ ၂ စီး၊ ၃ စီး ဝင်သွားတာတွေ့ရတယ်။ ရဲစခန်းရှေ့က သိမ်တော်ကြီး ညစျေးတန်းကိုလည်း ရောင်းကောင်းနေကြချိန် ရဲတွေကပြဿနာရှာပြီး အကုန်လက်နက်ပြ ပိတ်ခိုင်းလို့ ပြဿနာတက်ကြတယ်။ စျေးသည်ကိုလည်း ရဲက ပါးရိုက်တယ်လို့ သိရတယ်။ ရဲတွေထိတာ သတင်းပေါက်မှာစိုးလို့ နေမှာပေါ့။”
ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ အခြေခံကျောင်းတွေေ စတင်ဖွင့်လှစ်ချိန် တိုက်ပွဲတွေ ခတ္တငြိမ်သက်သွားခဲ့ပေမဲ့ ဇွန် ၁၁ ရက်နေ့မှာ ပြန်လည်ဖြစ်ပွားလာခဲ့တာလို့ ဆိုပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာလည်း ဇွန် ၁၀ ညမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ တဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ခတ်ချိုကျေးရွာ လမ်းသွယ် ၁၂ အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
"ည ၈နာရီလောက်မှာ မြစ်ကြီးနား ဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ အဲ့ဒါ လမ်းသွယ် ၁၂ ထဲကိုကျတယ်။ အဲ့ဒီထဲက တယောက်သေတယ်။ ၆ ဦးလောက် ဒဏ်ရာရသွားတယ်။”
လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂၆ နှစ်အရွယ် ကိုသားငယ် သေဆုံးပြီး ကိုအာကာ၊ မနန်းပို၊ ကိုအောင်ကျော်မြင့်၊ ဒေါ်ညွန့်ခိုင်နဲ့ အမည်မသိ အရပ်သားတဦး ဒဏ်ရာရခဲ့ကာ ဝိုင်းမော်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၈ ရက်ကလည်း ခတ်ချိုကျေးရွာအတွင်းက ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကားတစီးနဲ့ နေအိမ်ခေါင်မိုးတွေ ပျက်စီးခဲ့ပါသေးတယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ အမ်ဆွေးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဇွန် ၁၀ ရက်မှာ လေကြောင်းကနေ ပစ်ခတ်ဗုံးကြဲခဲ့တာကြောင့် လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးရှောင် ဒေသခံတဦးက “ဒီရွာနဲ့ အနီးဝန်းကျင်မှာ အခုတလော ဘာတိုက်ပွဲမှ မရှိဘူးနော်။ ကျနော်တို့ရွာက အေးချမ်းနေလို့ မတူပီမြို့ပေါ်က စစ်ရှောင်တွေတောင် ဒီမှာလာနေကြတာ။ ခုတော့ သူတို့လည်း ထပ်ပြေးရပြန်ပြီ၊ ကျနော်တို့လည်း ပြေးရပြီ၊ အတူတူပြေးလာရတာပေါ့” လို့ DVB ကို ပြောပါတယ်။
မတူပီမြို့အခြေစိုက် ခလရ ၃၀၄ အနီးရှိ အမ်ဆွေးကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၁၀ ရက် မနက် ၄ နာရီခွဲဝန်းကျင်မှာ တကြိမ်၊ မနက် ၅ နာရီဝန်းကျင်မှာ တကြိမ် လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲခဲ့တယ်လို့ CDF-Matupi တပ်ရင်း ၄ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ပထမအကြိမ်က အမ်ဆွေးရွာဂိတ်ကို လေကြောင်းကနေ ပွိုင့်ဖိုက်သေနတ်နဲ့ ပစ်သွားတော့ ရွာသားတွေလည်း ထွက်ပြေးကြတာပေါ့။ နောက်နာရီဝက်လောက်နေတော့ ဒုတိယတကြိမ် လေယာဥ်နဲ့ ပေါင် ၂၅၀ ဗုံးတလုံး ထပ်ချသွားတယ်။ ရွာထဲက အိမ် ၃ လုံးကတော့ ပြိုကျပျက်စီးသွားတယ်။ မပြိုဘဲ ထိခိုက်ပျက်စီးတဲ့အိမ်ကတော့ လေးငါးလုံးလောက် ရှိမယ်။ ဖုန်းလိုင်းတွေက ရတချက်၊ မရတချက်မို့ သိရသလောက်တော့ ပြည်သူတွေ အထိအခိုက် မရှိဘူးလို့တော့ သိထားရတယ်။”
စစ်ကောင်စီတပ်ဟာ မတူပီမြို့နယ်အတွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ မေ ၂၆ ရက်က စတင်ပြီး လေယာဥ်နဲ့ တိုက်ခိုက်လာတာ အကြိမ် ၃၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ် ကျီခါးမြို့ကို ဆက်သွယ်ထားတဲ့ ဇလွေးချောင်းကူးတံတားကို စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်က ဇွန် ၁၀ ရက် နေ့လယ် ၁ နာရီခွဲမှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇလွေးချောင်းကူးတံတားဟာ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ တီးတိန်မြို့နဲ့ ၇ မိုင်ခန့် အကွာမှာ တည်ရှိပြီး ဆက်သွယ်ရေးအတွက် အရေးပါတဲ့ တံတားတခုဖြစ်တယ်လို့ သိရပါတယ်။
တွန်းဇံမြို့ခံတဦးက “မနေ့က နေ့လယ်ပိုင်းမှာ တီးတိန်မြို့ထဲက စကစတွေက လာပြီး ဖျက်ဆီးသွားတာ။ ချောင်းက မိုးတွင်းမှာဆို ရေကြီးရေလျှံဖြစ်တယ်၊ အခု တံတားပျက်သွားတော့ လုံးဝ သွားလာလို့ မရတော့ဘူး၊ အဓိကကတော့ ပြည်သူတွေ သွားရေလာရေး ကုန်သွယ်ရေး အဆက်ပြတ်သွားပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန် ၈ ရက်ကလည်း အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားတစင်းဖြစ်တဲ့ မံဆောင်တံတားကို မိုင်းခွဲ ဖျက်ဆီး ခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့၊ နောင်ပဖာရပ်ကွက်နေ ဒေသခံ ၂ ဦးကို စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က နေအိမ်ပေါ်အထိ လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ခွန်ဗွုန်းနှင့် ဖြားခွန်လှတို့ ၂ ဦးကို PNLA နဲ့ ပက်သက်တယ်စွပ်စွဲပြီး မေ ၁၅ ရက်မှာ ပစ်သတ်ခဲ့တာလို့ ရွာခံတဦးက ပြောပါတယ်။
"သူတို့ နှစ်ဦးက ဘယ်အဖွဲ့နဲ့မှ ပက်သက်တာ မရှိပါဘူး။ PNO တွေက ဒီ ပအိုဝ်း အနီ အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး ပစ်သတ်တာ။။"
ဖြားခွန်လှမှာ နောင်ပဖာရွာ ရပ်မိရပ်ဖ ဖြစ်ပြီး ကျေးရွာအတွင်း မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ အကျင့်ပျက်နေသူတွေကို စာရိတ္တပြုပြင်ရေးတွေမှာ တက်ကြွစွာ အကူအညီပေးနေသူဖြစ်ပြီး ခွန်ဗွုန်းက တောင်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ အရပ်သားဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်သတ်ခံရသူ ၂ ဦးမှာ ပအိုဝ်းအမျိုးသာလွတ်မြှောက်ရေးတပ်မတော် (PNL) နဲ့ ပတ်သက်မှု မရှိဘူးလို့ PNLA မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။
"ကျေးရွာအတွက် အားကိုးရတဲ့ ရပ်မိရပ်ဖကို နေအိမ်အထိ လာပြီး သတ်ဖြတ်တာဟာ စစ်ကောင်စီ ရဲ့ လုပ်ရပ်ထုံးစံတခုလို ဖြစ်နေပြီ။ ဒါတွေ မခံရဖို့ဆိုရင် စစ်အာဏာရှင် အမြစ်ပြတ်မှရ မှာပါ။”
စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ပအိုဝ်းဒေသအတွင်း မေလမှ ဇွန်လအထိ လူထုကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြန်ပေးဆွဲငွေညစ်တာတို့လုပ်ခဲ့တာဟာ ၁၀ ကြိမ် ရှိပြီလို့ PNLA က ပြောပါတယ်။
မေ ၉ ရက်မှာလည်း ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာနေ စစ်ရှောင်တွေကို ကူညီပေးတဲ့ ခွန်ပလွန်နဲ့ ရွာသူကြီးဖြစ်သူ ခွန်ဇာခွန်ကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ် သွားသေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီက နိုင်ငံတဝန်းမှာ ၂၀၂၄ ခု ဇန်န၀ါရီကနေ ဧပြီလအထိ ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၈၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး ၃၅၉ ဦးသေဆုံး၊ ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။
Data for Myanmar ကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာစသိမ်းချိန်ကနေ ၂၀၂၄ ဧပြီလကုန်အထိ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။