Home
မြန်မာသတင်း
စလင်းမြို့နယ်၌ ဇွန်လအတွင်း စစ်မှုထမ်းရန် အမျိုးသား ၆၀   ဖမ်းဆီးခံရ
DVB
·
June 12, 2024

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ဇွန်လအတွင်း စစ်မှုထမ်းဆောင်ဖို့ အမျိုးသား ၆၀ နီးပါးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စလင်းမြို့အနောက်ဘက်အထွက်၊ ဆင်ဖြူကျွန်းမြို့ ဆုတ်လေးဦးလမ်းဆုံတို့မှာ စစ်ကောင်စီတပ်က အစစ်အဆေးလုပ်ပြီး  နေ့စဉ်နီးပါး အမျိုးသားတွေ ဖမ်းဆီးခံနေရတာပါ။

ဇွန် ၃ ရက်ကစတင်ပြီး စလင်းမြို့တောင်ဘက်အထွက်မှာ ဆိုင်ကယ် အစစ်အဆေးလုပ်ရင်း အမျိုးသားအယောက် ၃၀  ကို ခလရ-၂၅၃ ထဲ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ စလင်းပကဖ တာဝန်ရှိသူက  ပြောပါတယ်။ 

“အဖမ်းခံရသူတွေက VPN တွေ့လို့၊ အင်္ကျီအမည်းဝတ်လို့၊ Mask တပ်လို့၊ လွယ်အိတ်လွယ်လို့ ဆိုပြီး ဖမ်းဆီးတယ်သိရတယ်။ ခုလထဲမှာ ရွာတွေ၊ မြို့ပါ်ရပ်ကွက်တွေလည်း စစ်မှုထမ်းအတွက် ဆင့်ခေါ်တာတွေ ရှိတယ်။ ဆင့်ခေါ်ခံရတဲ့သူကို အိမ်မှာ မတွေ့ရင် မိသားစုဝင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားတာ‌မျိုးတွေ လုပ်တယ်ဗျ။ အဓိက သူတို့ လူအင်အားလိုလို့ အကြောင်းပြပြီး အကုန်အတင်းအဓမ္မ လိုက်ဖမ်းဆီးနေတာ ဖြစ်နိုင်တယ်ဗျ။”

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်နဲ့ အသက် ၃၀ အကြား အမျိုးသားတွေဖြစ်ကာ သူတို့ကို အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းရေးကို အဓမ္မပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို စလင်း ခလရ- ၂၅၃ တပ်ကတဆင့် မကွေးမြို့ကို ပို့ဆောင်ထားပြီး မကွေးဆေးရုံကြီးမှာ ဆေးစစ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013