ဇွန် ၁၁ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အာရှဇုန်ဘောလုံး ခြေစစ်ပွဲမှာ မြောက်ကိုရီးယားအသင်းက မြန်မာ့လက်ရွေးစင်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြောက်ကိုရီးယားနဲ့ မြန်မာအသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။
မြောက်ကိုရီးယားက အိမ်ကွင်းပွဲစဉ်တွေကို လက်ခံကျင်းပနိုင်ခြင်းမရှိလို့ ကြားကွင်းဖြစ်တဲ့ လာအိုမှာ ကျင်းပတာဖြစ်ပါတယ်။
ဒီပွဲမှာ မြောက်ကိုရီးယားအသင်းက မြန်မာအသင်းကို ကစားကွက်အသာ ခြေအသာနဲ့ တိုက်စစ်ဆင် ဖိကစားသွားခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုးပြတ်နဲ့ အနိုင်ရနေခဲ့ကာ ဒုတိယပိုင်းမှာ တဂိုးထပ်သွင်းပြီး ပွဲအပြီးမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
မြောက်ကိုရီးယားအတွက် အနိုင်ဂိုးတွေကို ရီအီဆောင်က ပထမပိုင်းပွဲချိန် ၁၂ မိနစ်မှာ တဂိုး၊ ရီဂျိုဂွတ်က ပွဲချိန် ၁၆ မိနစ်၊ ၄၃ မိနစ်နဲ့ ၈၇ မိနစ်တွေမှာ ၃ ဂိုး ဟတ်ထရစ် သွင်းယူပေးခဲ့တာဖြစ်ပြီး မြန်မာအတွက် ချေပဂိုးတဂိုးကိုတော့ ဝေလင်းအောင်က ဒုတိယပိုင်း ၅၇ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်၊ သုဝဏ္ဏကွင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်၊ အုပ်စုပွဲ အိမ်ကွင်းပွဲစဉ် ကစားခဲ့စဉ်တုန်းကလည်း မြောက်ကိုရီးယားကို ၆-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ နှစ်ကျော့စလုံးမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဇွန် ၆ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းမှာ ဂျပန် လက်ရွေးစင်အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာမှာလည်း ၅-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းပါဝင်တဲ့ အုပ်စု ဘီ ပွဲစဉ်တွေ အားလုံးအပြီးမှာ ဂျပန်အသင်းက ၆ ပွဲနိုင် ရမှတ် ၁၈ မှတ်၊ အုပ်စုပထမနဲ့ နောက်တဆင့် တက်သွားပြီဖြစ်သလို မြောက်ကိုရီးယားကလည်း ရမှတ် ၉ မှတ် အုပ်စုဒုတိယနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် တတိယအဆင့်ခြေစစ်ပွဲကို တက်ရာက်သွားသလို ၂၀၂၇ အာရှဖလားခြေစစ်ပွဲလည်း အောင်မြင်သွားပါတယ်။
ရမှတ် ၇ မှတ်နဲ့ အုပ်စုတတိယရတဲ့ ဆီးရီးယားနဲ့ ရမှတ် ၁ မှတ်ပဲရပြီး အုပ်စုနောက်ဆုံးမှာ ရပ်တည်ခဲ့တဲ့ မြန်မာအသင်းတို့ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ဘဲ ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ကစားရဖို့ ရှိနေပါတယ်။