မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့နယ်၊ ထပ်ဆိုင်လွတ်တိုက်နယ်မှာ မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းလာတဲ့ အရက်နဲ့ ဆေးလိပ်တွေကို ထိုင်းစစ်တပ်က ဇွန် ၁၁ ရက်မှာ ဖမ်းဆီရမိခဲ့တယ်လို့ မဲဆောက်အခြေစိုက် AEC သတင်းမှာ ဖော်ပြပါတယ်။
စစ်ဆေးရေးလုပ်ချိန် တရားမဝင် ကုန်သယ်ဆောင်လာတဲ့ သူတဦး ထွက်ပြေးသွားတာကြောင့် ကျန်ခဲ့တဲ့ စက္ကူဖာတွေကို ဖွင့်ဖောက် စစ်ဆေးရာ ဖာ ၃ ခုထဲမှ တရားမဝင်ကန့်သတ်ထားတဲ့ အရက် ပုလင်း ၁၂ လုံးနဲ့ ဆေးလိပ်ကာတွန့် ၄၀ တွေ့ရှိခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီမှ သယ်ဆောင်လာတဲ့ အရက်၊ ဆေးလိပ်တွေကို ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ပြီး မဲဆောက်မြို့အခွန်ဦးစီးဌာနကို လွှဲပြောင်းကာ ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။