အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒင်ဟာ လက်နက်ဝယ်ယူချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး လိမ်လည်ခဲ့မှု အပါအဝင် စွဲချက် ၃ ခုစလုံးမှာ အပြစ်ရှိတယ်လို့ ဂျူရီအဖွဲ့က ဇွန် ၁၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဟန်တာဟာ လက်ရှိသမ္မတရဲ့ ရင်သွေးတဦးအနေနဲ့ ပြစ်မှုကြောင်းအရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရတဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။
ဒီလာဝဲပြည်နယ်က ဘိုင်ဒင် မျိုးနွယ်တွေရဲ့ ဇာတိမြို့ ဝီလ်မင်တန်က တရားရုံးမှာ ဂျူရီလူကြီး ၁၂ ဦးစလုံးက တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဟန်တာဘိုင်ဒင်ဟာ ဆုံးဖြတ်ချက်ကို ဖတ်ကြားချိန်မှာ ခေါင်းတချက် ညိတ်ပြတာကလွဲလို့ ဘာတုံ့ပြန်မှုမှ မလုပ်ခဲ့ပါဘူး။
မိခင်ဖြစ်သူ သမ္မတကတော် ဂျီးလ်ဘိုင်ဒင်နဲ့ ဇနီးသည် မယ်လစ်ဆာတို့က ဟန်တာရဲ့လက်ကို ကိုင်ပြီး တရားရုံးထဲက ပြန်ထွက်လာကြတာ တွေ့ရပါတယ်။
တရားခွင်မှာ ဟန်တာဘိုင်ဒင်ရဲ့ အရက်နဲ့ ကိုကင်းစွဲလမ်းတဲ့ ကာလတွေအကြောင်း ဥပဒေအရာရှိတွေက အသေးစိတ် တင်ပြခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ဟန်တာဘိုင်ဒင်ဟာ ကို့လ်တ် ကော်ဘရာ ခြောက်လုံးပြူးတလက် ဝယ်ယူချိန်မှာ မူးယစ်ဆေးသုံးထားခဲ့တဲ့အတွက် အခုလို စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
သေနတ်ဝယ်ယူချိန်မှာ ဖောင်ဖြည့်ရတဲ့အခါ မူးယစ်ဆေးဝါး မသုံးစွဲထားကြောင်း၊ မူးယစ်ဆေး စွဲလမ်းနေသူ မဟုတ်ကြောင်း ကတိခံဝန်ချက် ဖော်ပြရပါတယ်။ အဲဒါကို လိမ်လည်ထွက်ဆိုခဲ့မှု၊ သက်ဆိုင်ရာ အရာရှိကို လိမ်လည်တင်ပြမှု ဆိုပြီး စွဲချက် ၂ ခု တင်ခံရပါတယ်။
အဲဒီလို လိမ်လည်ပြီး ဝယ်ယူခဲ့တဲ့လက်နက်ကို ၁၁ ရက်ကြာ လက်ဝယ်ထားရှိမှုက တရားမဝင် လက်နက်ကိုင်ဆောင်မှုမြောက်တဲ့အတွက် နောက်ထပ်စွဲချက်တခု တင်ခံရတာ ဖြစ်ပါတယ်။
ပြစ်ဒဏ်ဘယ်နေ့ချမလဲ ဆိုတာကိုတော့ ခရိုင်တရားသူကြီးက အတိအကျ မထုတ်ပြန်ပါဘူး။ ပုံမှန်အားဖြင့်တော့ ၃ လအတွင်း ချမှတ်ရမှာဖြစ်ပါတယ်။
လက်နက်မှုတွေနဲ့ပတ်သက်ရင် ထောင်ဒဏ်က ၁၅ လကနေ ၂၁ လအထိ ချမှတ်နိုင်ပေမဲ့ အလားတူအမှုတွေမှာ ပုံမှန်အားဖြင့် တိုတောင်းတဲ့ ထောင်ဒဏ်၊ ပြစ်ဒဏ်မျိုးပဲ ချမှတ်လေ့ရှိပါတယ်။
Source-Reuters