အာဏာရှင်အကြမ်းဖက် ဖက်ဆစ်အုပ်စုရဲ့ ယုတ်မာကောက်ကျစ် ညှဉ်းပန်းနှိပ်စက်မှုကို ရဲရဲဝံ့ဝံ့ အံတုရင်း ဒီနေ့အချိန်အထိ ဇွဲမာန်အပြည့်ဖြင့် ချီတက်ကြဆဲ နွေဦးပြည်သူတရပ်လုံးကို လေးစားဦးညွှတ်လျက် လက်လှမ်းမီဆေးပညာကလည်း လက်တွဲပါဝင် ဒိုးတူဘောင်ဖက် ချီတက်တိုက်ပွဲဝင်ဆဲ ဖြစ်ပါတယ်။
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် နာနတ်ပင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
နာနတ်ပင်ကို သိပ္ပံလို Ananas comosus လို့ခေါ်ပြီး အင်္ဂလိပ်လို pineapple လို့ ခေါ်ပါတယ်။
နာနတ်သီးမှာ Sodium, ကာဗိုဟိုက်ဒရိတ်၊ fiber, protein, ဗီတာမင် C, ဗီတာမင် A, ဗီတာမင် B-6, calcium, သံဓာတ်၊ thiamin, riboflavin, folate, pantothenic acid, magnesium, manganese, potassium စတဲ့ အာဟာရဆိုင်ရာ သတ္တုဓာတ်များပါဝင်ပြီး နာနတ်သီးနဲ့ အခွံတို့မှာ ဂါလစ်အက်ဆစ်၊ syringic acid, vanillin, ferulic acid, sinapic acid, coumaric acid, chlorogenic acid, epicatechin, arbutin နဲ့ polyphenols ဓာတ်ပေါင်းများ ပါဝင်တဲ့အပြင် နာနတ်ပင်ရဲ့ အစိတ်အပိုင်းအားလုံးမှာ ပရိုတီအိုလစ်တစ် အင်ဇိုင်းများ၊ proteolytic enzyme ရောနှောထားတဲ့ bromelain စတဲ့ ကျန်းမာရေးအကျိုးပြု ဆေးဘက်ဆိုင်ရာ ဓာတုဓာတ်ပေါင်း ပါဝင်ပါတယ်။ နာနတ်သီးဟာ အစာခြေခြင်းအတွက် အထောက်အကူပြုခြင်း၊ အရိုးနဲ့သွားများကို ကြံ့ခိုင်စေခြင်း၊ မျက်လုံးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ သွေးတိုးရောဂါကို ကာကွယ်ပေး၊ ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း၊ အဆစ်အမြစ်ရောင်ရောဂါ လက္ခဏာများကို ေလျာ့ပါးစေခြင်းနဲ့ အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းကို ကုသနိုင်ခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ နာနတ်သီး၊ နာနတ်ရွက်တို့ကို အဓိက သုံးစွဲကြပါတယ်။
နာနတ်သီးကို ပုံမှန်စားသုံးခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပြီး မျက်လုံးကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။ နာနတ်သီးကို တနေ့ ၃ ကြိမ်နဲ့အထက် စားသုံးသူများမှာ အသက်အရွယ်နဲ့ဆိုင်တဲ့ ကြွက်သားလျော့ရဲမှု ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။
နာနတ်သီးမှာ beta-carotene ပါဝင်တာကြောင့် ပုံမှန်စားသုံးသူများမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနိုင်ခြေ နည်းပါးပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ bromelain ဓာတ်ပေါင်းဟာ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကို လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။
နာနတ်သီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများနဲ့ သွေးတွင်း မကောင်းတဲ့ အဆီဓာတ်ကို လျော့ကျစေတဲ့ စွမ်းရည်ကြောင့် နေ့စဉ် နာနတ်သီး စားသုံးခြင်းက သွေးတွင်း မကောင်းတဲ့အဆီဓာတ် မြင့်တက်ခြင်းကို ဟန့်တားနိုင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်ပါတယ်။ နာနတ်သီးမှာ ပိုတက်စီယမ် မြင့်မားတာကြောင့် သွေးဖိအားကို လျော့ကျစေတဲ့အတွက် သွေးတိုးရောဂါရှိသူများ နာနတ်သီးကို ဓာတ်စာအဖြစ် ပုံမှန်စားသောက်ပေးနိုင်ပါတယ်။
နာနတ်သီးမှာပါတဲ့ beta-carotene က ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးသလို အမျှင်ဓာတ် လုံလောက်စွာ စားသုံးခြင်းက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ နာနတ်သီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် ပါဝင်တာကြောင့် ဝမ်းချုပ်တာကို ကာကွယ်ပေးပြီး အစာခြေလမ်းကြောင်း ပုံမှန်ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ နာနတ်သီးမှာ ကြွယ်ဝစွာပါဝင်တဲ့ Bromelain ဟာ အစာခြေလမ်းကြောင်းကို ပျက်စီးစေတဲ့ ရောင်ရမ်းဆဲလ်များကို လျှော့ချပေးပါတယ်။
နာနတ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင် C, beta-carotene အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ကော့ပါး၊ ဇင့်နဲ့ ဖောလိတ်တို့ဟာ အမျိုးသားရော အမျိုးသမီးများပါ မျိုးပွားမှုကို အကျိုးရှိစေပါတယ်။
နာနတ်သီးမှာပါတဲ့ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင် C ပါဝင်မှုက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ပိုတက်စီယမ် မြင့်မားတာကြောင့် လေဖြတ်နိုင်ခြေ လျှော့ချခြင်း၊ ကြွက်သားထုထည် ဆုံးရှုံးခြင်းမှ ကာကွယ်ခြင်း၊ အရိုးတွင်း သတ္တုသိပ်သည်းဆကို ထိန်းသိမ်းခြင်းနဲ့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းတို့ကို လျှော့ချပေးပါတယ်။
နာနတ်သီးစားသုံးပေးခြင်းက နေရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားပျက်စီးမှုကို တိုက်ဖျက်နိုင်ကာ အရေးအကြောင်းများကို လျော့ပါးစေပြီး အရေပြား ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
နာနတ်သီးမှာ အာဟာရဓာတ်တွေ ပါဝင်တဲ့အပြင် နာတာရှည်ရောဂါကို ဖြစ်စေနိုင်တဲ့ ဓာတ်တိုးခြင်းနဲ့ ရောင်ရမ်းမှုကို တားဆီးပေးနိုင်ပါတယ်။ နာနတ်သီးမှာပါတဲ့ flavonoid ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အန္တရာယ်ဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ကင်ဆာရောဂါတချို့ကို တားဆီးပေးပါတယ်။
နာနတ်သီးမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ ဆုံးရှုံးသွားတဲ့ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။
နာနတ်သီးမှာ ကြေးနီနဲ့ မန်းဂနိစ်လည်း ပါဝင်လို့ အရိုးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ မန်းဂနိစ်ကြွယ်ဝတဲ့ အစားအစာများကို စားသောက်ခြင်းက သွေးဆုံးပြီး အမျိုးသမီးများ ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
ဆီးနီ၊ ဆီးဝါ၊ ဆီးနည်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျင်၊ ဆီးကျန် ဝေဒနာရှင်များနဲ့ ဆီးလမ်းကြောင်း ကျောက်တည်သူများအတွက် နာနတ်သီးဖျော်ရည် တခါသောက် ဖန်ခွက် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကလေးသူငယ်များ နာနတ်သီးအရည်ကို ပျားရည်နဲ့ ဆတူရောစပ်ပြီး အရွယ်ကိုချင့်ချိန်ပြီး တခါစား ကော်ဖီ ၁- ၂ ဇွန်းကို တနေ့ ၁-၂ ကြိမ် စားပေးနိုင်ပါတယ်။
ယေယုယျအားဖြင့် နာနတ်သီးစားသောက်နိုင်တဲ့ ပမာဏမှာ အမျိုးသမီးများအတွက် တနေ့ ၂၁ မှ ၂၅ ဂရမ်နဲ့ အမျိုးသားများအတွက် တနေ့ ၃၀ မှ ၃၈ ဂရမ်ကြား ဖြစ်ပါတယ်။
နာနတ်ရွက်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်မှု ပြင်းထန်တဲ့ အာနိသင်ရှိပါတယ်။
နာနတ်ရွက်သတ္တုရည်ကို မီးလောင်ဒဏ်ရာတွေမှာ လိမ်းပေးခြင်းဖြင့် အရေပြား ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပွန်းပဲ့ခြင်းနဲ့ ထိခိုက်ရှနာများမှာလည်း နာနတ်ရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် သက်သာမှု လျင်မြန်စေပါတယ်။
ရောင်ရမ်းခြင်းများ လျော့ပါးစေဖို့ နာနတ်ရွက်သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ရောစပ်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးချိုဝေဒနာရှင်များ သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး နာနတ်ရွက် သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။
နားအူ နားကိုက်ခြင်းများမှာ နာနတ်အရွက်ကို မီးကင်ပြီး အရည်နွေးနွေးကို နားထဲ ထည့်ပေးနိုင်ပါတယ်။
နာနတ်ရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး နေ့စဉ် မနက်ခင်းမှာ ရေနွေးကြမ်းအဖြစ် သောက်သုံးပေးတာက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှို ရောဂါပိုးမွှားတွေ ကင်းစင်အောင် ကူညီပေးခြင်း၊ သွေးတွင်း မကောင်းတဲ့အဆီကို လျှော့ချပေးခြင်း၊ အစာခြေစနစ် တိုးတက်စေခြင်းနဲ့ အမျိုးသမီးများ ဓမ္မတာကို မှန်စေခြင်း၊ မီးယပ်လာစဥ် နာကျင်ကိုက်ခဲခြင်းများကို လျော့ပါးသက်သာစေခြင်းအပြင် အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
နာနတ်သီး အသင့်အတင့် စားသောက်ပေးခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ နာနတ်သီးကို အလွန်အကျူးစားသုံးခြင်းက ဝမ်းလျှောခြင်း၊ ပါးစပ်နဲ့ ပါးများရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများမှာ ရာသီသွေးလွန်ကဲခြင်း၊ ပျို့အန်ခြင်း၊ အရေပြားနီမြန်းခြင်းနဲ့ အော့အန်ခြင်းတို့ အပါအဝင် ဆိုးရွားတဲ့ တုံ့ပြန်မှုများ ဖြစ်စေနိုင်ပါတယ်။ မမှည့်သေးတဲ့ နာနတ်သီး စားသုံးခြင်းက ပြင်းထန်စွာ အော့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အလုပ်မလုပ်နိုင်သူများ နာနတ်သီး အလွန်အကျွံ စားသုံးခြင်းကို ရှောင်ပါ။
နွေဦးပြည်သူများ နာနတ်ပင်၊ နာနတ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
ပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။