Home
နိုင်ငံတကာ
ကုလသမဂ္ဂ အပစ်ရပ်ရေး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အစ္စရေးတွင် တာဝန်ရှိ
DVB
·
June 12, 2024
Photo - Reuters

ဟားမတ်စ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး အသေးစိတ်အချက်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ အသင့်ရှိကြောင်းလည်း ဟားမတ်စ် အကြီးတန်းအရာရှိ ဆာမီ အဘူ ဇူရီက ဇွန် ၁၁ ရက်မှာ  ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်ဟာ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာရေးနဲ့ အစ္စရေးရဲ့ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းတွေအတွက် ဓားစာခံလဲလှယ်ရေးဆိုင်ရာ စတဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံတယ်လို့ အဘူဇူရီက ပြောကြားခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့က အစ္စရေးက လိုက်နာဖို့ တာဝန်ရှိကြောင်းလည်း အလေးပေး ပြောကြားသွားပါတယ်။

ဂါဇာကမ်းမြောင်ဒေသစစ်ပွဲ အဆုံးသတ်ရေးအတွက် အဆင့် ၃ ဆင့်ပါ ဘက်စုံ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဇွန် ၁၀ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အတည်ပြုခဲ့ပြီးနောက် ဟားမတ်စ်နဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့တို့က ကာတာနဲ့ အီဂျစ် ကြားဝင်ဖျန်ဖြေသူတွေဆီ တုံ့ပြန်တင်ပြချက် ထုတ်ပြန်လာပါတယ်။

ဇွန် ၁၁ ရက်မှာ ဟားမတ်စ်နဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့တို့ဟာ ကာတာနဲ့ အီဂျစ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် သူတို့ရဲ့တုံ့ပြန်မှုကို ပေးပို့ထားကြောင်း ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပြီး သဘောတူညီချက်တခု ရရှိဖို့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးအတွက် ဆန္ဒရှိကြောင်းလည်း ထုတ်ဖော်ပြောကြားထားပါတယ်။

ဟားမတ်စ်-ဂျီဟတ် ပူးတွဲထုတ်ပြန်ချက်ထဲမှာ ပါလက်စတိုင်းပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေး ဖော်ပြထားပြီး ဂါဇာကမ်းမြောင်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို လုံးလုံးလျားလျား ရပ်တန့်ဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ကာ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာကနေ လုံးဝဆုတ်ခွာပေးဖို့ တောင်းဆိုထားပါတယ်။

အစ္စလာမ္မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ ၂ ဖွဲ့က ကိုယ်စားလှယ်တွေဟာ ပါလက်စတိုင်း ပြည်သူတွေအပေါ် စစ်ပွဲအဆုံးသတ်မယ့် သဘောတူညီချက်တရပ်ကို ရရှိနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုလုပ်ဖို့လည်း အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး ကာတာနဲ့ အီဂျစ်တို့ဟာ ဟားမတ်စ်ဆီက တုံ့ပြန်မှု ရရှိထားကြောင်း ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ဟာ သဘောတူညီချက်တခု မရမချင်း အမေရိကန်ပြည်ထောင်စုနဲ့အတူ စေ့စပ်ဖျန်ဖြေပေးနေတယ်လို့ ၂ နိုင်ငံက အတည်ပြုပြောကြားခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖျန်ဖြေသူတွေဟာ တုံ့ပြန်မှုကို စစ်ဆေးသွားမှာဖြစ်ပြီး နောက်အဆင့်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ ဟားမတ်စ်ရဲ့ တုံ့ပြန်မှု အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024