Home
နိုင်ငံတကာ
ထိုင်းပြည်ထဲရေးဒုဝန်ကြီး၏ တူတော်စပ်သူထံမှ  အိုက်စ်မူးယစ်ဆေးနှင့် ပစ္စတိုသေနတ်ဖမ်းမိ
DVB
·
June 12, 2024
photo Crd- Thairath

ထိုင်းပြည်ထဲ‌ရေး ဒုဝန်ကြီး နိုင်းချားဒါး ထိုင်းဆစ်ရဲ့  တူတော်မောင်ဖြစ်သူထံမှ အိုက်စ် မူးယစ်ဆေးနဲ့  ပစ္စတိုသေနတ် ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်၊ ဘန်ကပီနယ်မြေ၊ ဟွေ့ခွမ်လမ်းပေါ်ရှိ ဟိုတယ်ထဲမှာ အုပ်စုဖွဲ့ပြီးမူးယစ်ဆေးသုံး စွဲမှုရှိကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက်  ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ညက သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။

အဆိုပါစစ်ဆေးမှုမှာ ပြည်ထဲရေးဒုဝန်ကြီးရဲ့ တူတော်စပ်သူ နိုင်းနောရဆစ် ထိုင်းဆစ် (အသက် ၅၂ နှစ်) အပါအဝင်   အပေါင်းပါ ၄  ဦး  (ကျား ၂ ဦး၊ မ ၂ ဦး) တို့ကို  အိုက်စ်ဆေးထဲ့ထားတဲ့ အထုတ် ၆ ထုတ်၊ ၁၁ မမ ပစ္စတို ၁ လက်၊ ကျည်ဆန် ၆ ထောင့်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

မနေ့က သူတို့ ၄ ဦးကို ရဲစခန်းမှ အမှုစစ်ဖို့ခေါ်ဆောင်လာစဉ် သတင်းထောက်တွေက ဝန်ကြီးနိုင်းချားဒါးကိုသိလား၊ မူးယစ်ဆေးတွေဘယ်ကရလဲ၊ သေနတ်ဘယ်ကရလဲ စသဖြင့် ဝိုင်းဝန်းမေးမြန်းကြပေမဲ့ ပြန်ဖြေဆိုခြင်းမရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ် နိုင်းအနုထင်း ချန်းဝီရ ကွန်းကတော့ သတင်းမီဒီယာတွေက ဘက်လိုက်တယ်၊ ဖမ်းမိတဲ့သူတွေထဲမှာ ဝန်ကြီးမျိုးရိုးပါတဲ့သူရဲ့  အမည်နဲ့ မျိုးရိုးကိုသာ ဖော်ပြပြီး ကျန်တဲ့သူတွေကျတော့ မျိုးရိုးနာမည် မဖော်ပြဘူးလို့ပြောပါတယ်။

ဝန်ကြီးနိုင်းချားဒါးမှာ ဆွေမျိုးတွေက ရာနဲ့ချီရှိပြီး ဒီတယောက်ရဲ့ အမည်ကို ဝန်ကြီးချားဒါးပြောတာ တခါမှမကြားဖူးဘူး၊ ဝန်ကြီးချားဒါးဟာ ဘာသာ‌ရေးကိစ္စနဲ့ ဆော်ဒီအာ ရေဗျရောက်နေတယ်၊ သူ့ကိုအနှောင့်အယှက်မပေးပါနဲ့ ဝန်ကြီးနဲ့ ဆွေမျိုးတော်လို့ ဆိုပြီး ကာကွယ်ပေးမှာမဟုတ်ဘူး၊ အထူးခံစားခွင့်ပေးမှာမဟုတ်ဘူးလို့  သတင်းထောက်တွေကို ပြော သွားပါတယ်။

ပြည်ပရောက်ဒုဝန်ကြီး နိုင်းချားဒါးကို သတင်းထောက်တွေက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “ဒီကောင့်ကိုက ဆိုးပါတယ်။ အရင်ကတည်းက ခဏခဏ သတိပေးဖူးတယ်။ နားမထောင်ဘူး။ ကျနော့်အိမ်ထဲပေးမဝင်ဘူး။ အဖမ်းခံရတာ ထိုက်တန်တယ်။ ထိထိရောက်ရောက် အရေးယူလိုက်ပါခင်ဗျာ။ ကျနော်နဲ့မဆိုင်ပါဘူး” လို့ ပြောသွားပါတယ်။

လတ်တလော နိုင်းနောရဆစ် ထိုင်းဆစ်နဲ့ အပေါင်းပါ ၃ ဦးဟာ အာမခံငွေ ဘတ် ၄၀၀၀၀ စီနဲ့ အပြင်ကနေ တရားရင်ဆိုင်ဖို့ လွတ်လာပြီလို့ ဆိုပါတယ်။

ပြည်ထဲရေး ဒုဝန်ကြီး ချားဒါးထိုင်းဆစ်ဟာ မာဖီးယားဂိုဏ်းများနှိမ်နင်းရေး အဖွဲ့ခေါင်း ဆောင်လည်း ဖြစ်ပါတယ်။

သူ့ရဲ့ သားမက်ဖြစ်သူ  ရပ်ကွက်လူကြီးဟာလည်း ပြီးခဲ့တဲ့မေလက ရပ်ကွက် သောက်သုံးရေသွယ်တန်းရေးမှာ လာဘ်စားမှုနဲ့ အဖမ်းခံခဲ့ရလို့ အဲဒီတုန်းကလည်း သူက အမှုကိုဘက်မလိုက်ဘဲ ထိထိရောက်ရောက်အရေးယူဖို့ ပြောခဲ့ပါတယ်။ 

Source/Photo:   Thairath / 3 Plus News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013