ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တဲ့စာတွေ ရေးတင်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဒေသခံ ၁၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မေ ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ စတဲ့မြို့နယ်တွေက ဒေသခံ ၁၉ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်စာတွေ ရေးတင်တာကြောင့်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်နဲ့ နီးစပ်သူတယောက်က “ဖမ်းဆီးခံရသူတွေက နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တဲ့စာတွေ ရေးတင်လို့ ဖမ်းတာတဲ့။ မိန်းကလေးတွေလည်း ဖမ်းခံခဲ့ရတဲ့အထဲ ပါတယ်။ ကာယကံရှင်တွေ ကိုယ်တိုင်ကလည်း Facebook ပေါ် တင်မိတဲ့အကြောင်း ဝန်ခံတယ်လို့ ပြောတာပဲ။ လက်ရှိအထိတော့ အမှုဖွင့် စစ်ဆေးဆဲသူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေဟာ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၉ ယောက်ဖြစ်ပြီး ဟင်္သာတနဲ့ မြောင်းမြခရိုင်ထဲက မြို့နယ်တွေထဲကနေ အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဟင်္သာတမြို့ခံတယောက်က “အဖမ်းခံရသူတွေထဲက အမျိုးသမီး ၂ ယောက်က ဟင်္သာတမြို့နယ်ကပါ။ ဈေးရောင်းနေတဲ့သူတွေ။ အဲဒါကို နိုင်ငံတော်ကြီး ဆူပူအောင်လုပ်တယ်ဆိုပြီးတော့ စွပ်စွဲ ဖမ်းသွားတာ” လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့မှာတော့ ဇွန် ၁၁ ရက် ညနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်း သွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးကာ တယ်လီဖုန်းအတွင်း VPN ဆော့ဖ်ဝဲ တွေ့ရှိပြီး လူမှုကွန်ရက် အသုံးပြုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ရဲတွေက မြို့ထဲပတ်ပြီး ဆိုင်ကယ်တွေကို စစ်တယ်။ ဖုန်းတွေ တောင်းကြည့်တယ်။ ဖုန်းထဲမှာ VPN ဆော့ဖ်ဝဲတွေ့ရင် Facebook သုံးတယ်ဆိုပြီး ဖမ်းသွားတာ။ အများစုကတော့ လူငယ်တွေပဲ။ ကျနော်သိသလောက်ဆို ၁၀ ဦးလောက် အဖမ်းခံရတယ်” လို့ ပြောပါတယ်။
လူမှုကွန်ရက် Facebook ကို VPN နဲ့ ချိတ်ဆက် အသုံးပြုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူတွေကို ဘိုကလေးမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၃၀ ရက်က စတင်ကာ မြန်မာနိုင်ငံအတွင်း VPN နဲ့ချိတ်ဆက်ပြီး Facebook အသုံးပြုလို့မရအောင် စစ်ကောင်စီတပ်က Secure Web Gateway နဲ့ ပိတ်ပင်ထားပါတယ်။