Home
မြန်မာသတင်း
၂ လအတွင်း နယ်စပ်ကုန်သွယ်မှု ကန်ဒေါ်လာ ၅၆၁ သန်းကျော် လျော့ကျ
DVB
·
June 12, 2024

၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမဆုံးနှစ်လဖြစ်တဲ့ ဧပြီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ နှစ်လအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၁ သန်းကျော် လျော့ကျနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ဘက်နှစ်နိုင်ငံဖြစ်တဲ့ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်ကာလတူအောက် အမေရိကန်ဒေါ်လာ ၂၂၃ သန်းနဲ့ ၃၃၄ သန်းဆီ အသီးသီး လျော့ကျနေပါတယ်။ 

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ် ၅ ခုမှာ လွယ်ဂျယ်ဂိတ်ကနေ ပို့ကုန်မရှိခဲ့သလို ချင်းရွှေဟော်ကနေလည်း ပို့ကုန်ရော သွင်းကုန်ပါ မရှိတာကို တွေ့ရပါတယ်။ 

လွယ်ဂျယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားသလို ချင်းရွှေဟော်ကိုလည်း ပြီးခဲ့တဲ့ Operation 1027 မှာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်ထားပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးဂိတ် ၆ ခု ရှိတာမှာ ၆ ခုလုံး ကုန်သွယ်မှုပြုလုပ် လည်ပတ်နေပေမဲ့ အဓိက ကုန်သွယ်ရေး နယ်စပ်ဂိတ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီနဲ့ မေလအတွင်းမှာ ကုန်သွယ်မှုစုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃၀၀ နီးပါးရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ သန်း ၅၀ နီးပါးပဲ ကုန်သွယ်မှု ပြုလုပ်ထားနိုင်တာကို တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ဒုတိယအပတ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပြီး မြဝတီမြို့ဝန်းကျင်မှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်ရက်ပိုင်းအတွင်းမှာ တပ်ပြန်ဆုတ်ပြီး စောချစ်သူ ခေါင်းဆောင်တဲ့ BGF/KNA အဖွဲ့တွေ ထိန်းချုပ်ကာ ကုန်သွယ်ရေးလည်း ပြန်လည် စတင်ခဲ့ပေမဲ့ ယခင်ပမာဏအတိုင်း ကုန်သွယ်နိုင်ခြင်း မရှိသေးပါဘူး။ 

ဒါ့အပြင် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မောင်တောနဲ့ စစ်တွေ နယ်စပ်ဂိတ်တွေမှာလည်း ကုန်သွယ်မှု လုံးဝမရှိ ဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013