Home
မြန်မာသတင်း
မြန်မာတွင် ကလေးလုပ်သားပပျောက်ရေး အရေးပေါ်လုပ်ဆောင်ရန် လိုအပ်နေ
DVB
·
June 12, 2024
Photo-ILO

မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေတွေ ယိုယွင်းနေတဲ့ကြားက ကလေးငယ်တွေကို ကလေးအလုပ်သမားမဖြစ်အောင် ကာကွယ်ဖို့ အရေးတကြီး လုပ်ဆောင်ဖို့လိုအပ်ကြောင်း အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တောင်းဆိုလိုက်ပါတယ်။ 

ကလေးငယ်တွေကို အကာအကွယ်ပေးရေးနဲ့ သူတို့ရဲ့လားရာအတိုင်း အပြည့်အ၀ ရှင်သန်ခွင့်ပြုဖို့ အပြည် အပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က  ဇွန် ၁၂ ရက် ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ 

ဒီအထိမ်းအမှတ်နေ့မှာ  ILO အဖွဲ့ကြီးက ကလေးအလုပ်သမား ပပျောက်ရေးအတွက် သက်ဆိုင်သူအားလုံးကို သူတို့ရဲ့ ကတိကဝတ်အတိုင်း ဖော်ဆောင်ဖို့နဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ တောင်းဆိုသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေတွေ ယိုယွင်းလို့နေပြီး လူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ကျရောက်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာအရ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းရေးပဋိပက္ခကြောင့် မြန်မာ့လူဦးရေ ၃ သန်းဝန်းကျင်ဟာ နေရပ်စွန့်စွာ ထွက်ပြေးနေရပြီး အဲဒီထဲက ၃ ပုံ ၁ ပုံ ကို ကလေးသူငယ်တွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

ILO မြန်မာရဲ့ ဆက်ဆံရေး အရာရှိဖြစ်သူ ယူထုံလျူကတော့ “ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရတဲ့ ကလေးငယ်တွေ ပိုမိုများပြားလာပါတယ်၊ သွားလာလှုပ်ရှားမှု ကန့်သတ်ခံရတာ ဒါမှမဟုတ် အိုးအိမ်စွန့်ခွာရမှုကြောင့် ကလေးလုပ်သားတွေအတွက် ဒုက္ခပိုပြီးဖြစ်လာစေပါတယ်။ ဘယ်ပဋိပက္ခပုံစံမျိုးမှာမဆို ကလေးသူငယ်တွေဟာ သားကောင်မဖြစ်သင့်ပါဘူး”လို့ မှတ်ချက်ပေးပါတယ်။ 

ဒါကြောင့် ILO ဟာ ပြည်တွင်းမှာရှိနေတဲ့ ကလေးတွေရဲ့ အခြေအနေအပေါ် ဆက်လက်စောင့်ကြည့်နေပြီး ဧရာ၀တီနဲ့ ရန်ကုန် တိုင်း၊ ရှမ်းနဲ့ မွန်ပြည်နယ်တို့မှာပါ အကူအညီပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးသူငယ်သန်းပေါင်း ၁၆၀ ကျော်ရှိတယ်လို့ ခန့်မှန်းထားသလို အဲဒီထဲက ၇၉ သန်းဟာလည်း အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတာကြောင့် ဒါကို အလုံးစုံတိုက်ဖျက်နိုင်ဖို့တော့ အလှမ်းဝေးနေဆဲပဲ လို့ ILO က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဟာ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ စားသောက်ဆိုင်တွေအပါအဝင် လုပ်ငန်းပေါင်းစုံမှာ အလုပ်လုပ်ကိုင်နေကြရသလို စစ်တပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေမှာပါ  စစ်မှုထမ်းအဖြစ် စေခိုင်းခံနေရတာ ဖြစ်ပါတယ်။ 

ကလေးလုပ်သားပပျောက်ရေးအတွက် အခုနှစ်ဇွန် ၁ ရက်နေ့မှာ ၃ လကြာ ကမ်ပိန်းတခုကို ILO ကစတင်ခဲ့ပြီး မြန်မာပြည်အနှံ့အပြားနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အသိပညာပေးလှုပ်ရှားမှုတွေနဲ့ သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိနေပါတယ်။

Photo-ILO

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013