တူရကီနိုင်ငံ အနောက်ပိုင်း အစ္စပါတာမြို့မှာ AI ဉာဏ်ရည်တုကို အသုံးပြုထားတဲ့ ယာယီသုံး စက်ပစ္စည်းတခုကို အသုံးချပြီးတော့ အမျိုးသားတက္ကသိုလ်စာမေးပွဲ ကာလအတွင်း မေးခွန်းတွေကို လိမ်လည်ဖြေဆိုဖို့ ကြိုးစားတဲ့ ကျောင်းသားတယောက်ကို ဇွန် ၈ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။
စာမေးပွဲကာလအတွင်း မသင်္ကာဖွယ် အပြုအမူတွေ သိသာနေလို့ ဖမ်းဆီးခံလိုက်ရတဲ့ အဲဒီကျောင်းသားကို ရဲတပ်ဖွဲ့မှာ ထိန်းသိမ်းထားပြီး နောက်ပိုင်းတော့ ဆိုင်းငံ့တရားခွင်နဲ့ အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ သံသယရှိသူကို ကူညီဆောင်ရွက်ပေးနေခဲ့တဲ့ တခြားတဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
အစ္စပါတာ ရဲတပ်ဖွဲ့က အဲဒီစက်ကိရိယာကို ဘယ်လိုသုံးစွဲတယ် ဆိုတဲ့ သရုပ်ပြ ဗီဒီယိုကို ရိုက်ကူးပြခဲ့ပါတယ်။
အဲဒီစက်ကိရိယာဟာ အင်္ကျီကြယ်သီးလို တုပထားတဲ့ ကင်မရာကိုသုံးပြီး မေးခွန်းကို စကင်န်ဖတ်ကာ သူ့ရဲ့ ရှူးဖိနပ်အောက်ခံပြားမှာ ဝှက်ထားတဲ့ router ကို အသုံးပြုပြီးတော့ ဉာဏ်ရည်တု ဆော့ဖ်ဝဲတခုဆီကို ပေးပို့တာဖြစ်ပါတယ်။ အဲဒီ AI ဉာဏ်ရည်တုဆော့ဖ်ဝဲဟာ နားကြပ်မှတဆင့် အဖြေမှန်ကို ပြန်ဖတ်ကြားပေးပါတယ်။
ဗီဒီယိုထဲမှာ ရဲအရာရှိက ဒီစနစ် အလုပ်လုပ်ပုံကို ရှင်းလင်းပြဖို့ မေးခွန်းတခုကို စကင်န်ဖတ်ပြီး AI ဆော့ဖ်ဝဲမှ အဖြေကို ဖတ်ကြားပြထားပါတယ်။
Source-Reuters