ထိုင်းမြောက်ပိုင်း၊ ဖိကျစ်ခရိုင်ထဲမှာ တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီးရဲ့ နောက်ကို ထိုင်းရဲတွေက လိုက်လံဖမ်းဆီးခဲ့ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦး အဖမ်းခံရတယ်လို့ Channel- 8 ထိုင်း ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
ဖိကျစ်ခရိုင် လုံခြုံရေးရဲတပ်ဖွဲ့တွေဟာ ဇွန် ၁၁ ရက်က ဝပ်ချီရပါရမီမြို့နယ် ဗိစနုလုတ်-ဖိကျစ် အဝေးပြေးလမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် နယ်မြေထဲမောင်းဝင်လာတဲ့ အနက်ရောင်ပါဂျဲရိုးကားတစီးကို စစ်ဆေးဖို့ တားဆီးခဲ့တာမှာ ရပ်မပေးဘဲမောင်းပြေးခဲ့လို့ ရဲတွေက အနောက်ကနေ လိုက်ဖမ်းခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါကားဟာ အရှိန်မလျှော့ဘဲ လမ်းမကြီးရော လမ်းကြိုလမ်းကြားတွေပါ တိမ်းရှောင်ထွက်ပြေးပြီး တချို့နေရာမှာ လမ်းပြောင်းပြန်မောင်းကာ ယာဉ်အန္တရာယ်ကို သတိမမူဘဲ မောင်းနေတာကြောင့် ရဲတွေက မိုင်ခရိုဖုံးနဲ့ လမ်းသွားလမ်းလာပြည် သူတွေကို အော်ဟစ်သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။
နာရီဝက်ကျော် ကီလိုမီတာ အတော်များများမောင်းပြီးခါမှ ရဲတွေလိုက်မီလာပြီး ဖမ်းဆီးရ မိကြောင်း၊ ယာဉ်မောင်းမှာ တာ့ခ်ခရိုင်မှ နိုင်းထွတ်ဆဖုန်းဖြစ်ပြီး ကားထဲကနေတရားမဝင် အလုပ်သမားတွေ တယောက်ပြီးတယောက်ဆင်းချလာတယ်၊ အလွန်ဆုံး ၇ ဦးလောက်သာတင်နိုင်တဲ့ အဲဒီကားပေါ်မှာ လူ ၁၁ ယောက်ကို ပြွတ်သိပ်တင်ဆောင်လာတာလို့ ဆိုပါတယ်။
ယာဉ်မောင်းရဲ့ဝန်ခံချက်အရ သူဟာ ပွဲစားကနေတဆင့် အဲဒီလူတွေကို တဦးလျှင် ဘတ် ၁၅၀၀၀ နှုန်းနဲ့ ဘန့်တာခ်မြို့နယ် တာ့ခ်ခရိုင်မှ တင်ဆောင်လာခဲ့ပြီး အယုဒ္ဓယခရိုင်ကို ပို့ပေးဖို့ဖြစ်တယ်၊ ဒီလို တရားမဝင်အလုပ်သမားသယ်ဆောင်တာကို အရင်ကလည်း လုပ်ဖူးတယ်လို့ ပြောပါတယ်။
အဖမ်းခံရသူတွေကလည်း သူတို့ဟာ မြန်မာပြည်ကနေ မဲဆောက်ကို တောလမ်းကနေ ဝင်ရောက်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်းမှာအလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ဝင်ရောက်လာတာလို့ ပြောသွားပါတယ်။
တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝကဥပဒေနဲ့ ဆက်လက်အရေးယူဖို့ ဖိကျစ်ခရိုင် ဝပ်ချီရပါရမီနယ်မြေရဲတပ်ဖွဲ့ထံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
Source: Channel- 8
Photo: Channel- 8