ကူဝိတ်နိုင်ငံတောင်ပိုင်း မန်ဂါ့ဖ်မြို့မှာ ဇွန် ၁၂ ရက် အစောပိုင်းက ဝန်ထမ်းအိမ်ရာ အဆောက်အအုံတခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ပါတယ်။
အိမ်ခြံမြေ ပိုင်ရှင်တွေရဲ့ စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ မတော်လောဘတွေကြောင့် ဒီဖြစ်ရပ်တွေကို ဖြစ်စေခဲ့တာလို့ နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ် ရှိတ်ခ် ဖာဟဒ် ယူဆွတ်ဖ် အယ်လ်-ဆဘာက အခင်းဖြစ်ပွားရာကိုသွားတဲ့ ခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။
ရှိတ်ခ် ဖာဟဒ်က “စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးကို ခေါ်ယူပြီးတော့ အိမ်ပိုင်ရှင်တွေနဲ့ စကားပြောဆိုမှာ ဖြစ်ကြောင်း၊ အိမ်ရာစည်းကမ်းနဲ့ မညီညွတ်တာ မှန်သမျှကိုလည်း မနက်အစောကြီးမှာ ဖယ်ရှားသွားမှာဖြစ်ကြောင်း” လည်း ပြောဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကို စည်ပင်သာယာရေးအဖွဲ့မှာ ချမှတ်ထားတာ ကြာမြင့်နေပြီဖြစ်ပေမဲ့ အကောင်အထည် ဖော်သင့်တာကို အိမ်ခြံမြေရောင်းဝယ်သူတွေဘက်က လျစ်လျူရှုထားခဲ့လို့ စည်းကမ်းချိုးဖောက်မှုရဲ့ ရလဒ်တွေ ဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေလည်း စီမံအုပ်ချုပ်နေတဲ့ ဒုဝန်ကြီးချုပ် ရှိတ်ခ် ဖာဟဒ်က ပြောပါတယ်။
မီးလောင်မှုကို ဒေသစံတော်ချိန် မနက် ၆ နာရီမှာ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့ကြောင်း ဗိုလ်ချုပ် အိဒ် ရာရှဒ် ဟာမက်က ပြောပါတယ်။
“မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံမှာ အလုပ်သမားတွေကို နေခိုင်းထားတာဖြစ်ပြီး အဲဒီမှာနေတဲ့ အလုပ်သမားတွေလည်း တော်တော်များတယ်” လို့ တခြား အကြီးတန်း ရဲတပ်မှူးက နိုင်ငံပိုင်ရုပ်သံကို ပြောပါတယ်။
လူပေါင်း ဒါဇင်နဲ့ချီ ကယ်ဆယ်ပေးနိုင်ခဲ့ပေမဲ့လည်း ကံမကောင်းစွာဘဲ မီးခိုးငွေ့ ရှူရှိုက်မိလို့ သေဆုံးရသူ အများအပြားလည်း ရှိခဲ့ကြောင်း ပြောပါတယ်။
ဝန်ထမ်းအိမ်ရာတွေမှာ အလုပ်သမားတွေကို ကျပ်ကျပ်ညပ်ညပ် ထားထားတာတွေကိုလည်း အမြဲသတိပေး ပြောဆိုနေရတယ်လို့လည်း ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။
Source-Reuters