နိုင်ငံ့စီးပွားရေးကျဆင်းဖို့ ရည်ရွယ်ပြီး အဘက်ဘက်ကနေ ဝိုင်းဝန်းတိုက်ခိုက်နေကြတယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ စီးပွားရေးသမားတွေနဲ့ ပြည်သူတွေဆီ လွှဲချနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်သာ စီးပွားရေးကျဆင်းနေတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေရဲ့ လုပ်ငန်းရှင်တွေက တုံ့ပြန်ပြောပါတယ်။
ငွေကြေးတန်ဖိုး တက်တာ ကျတာထက် ငွေကြေးခိုင်မာမှုရှိစေဖို့ လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး ကျဆင်းစေဖို့ရည်ရွယ်ပြီး အဘက်ဘက်ကနေ ဝိုင်းဝန်းတိုက်ခိုက်နေကြတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
အခုလိုပြောဆိုတာက စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို စီးပွားရေးသမားတွေနဲ့ ပြည်သူတွေဆီ လွှဲချနေတာလို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။
“ကိုယ့်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို တခြားသူကို လက်ညှိုးထိုးတာကတော့ မကောင်းဘူးပေါ့နော်။ တနည်းအားဖြင့် ဟိုးအရင်က မရှိခဲ့တဲ့ ကုန်သွယ်ရေးစည်းကမ်းသတ်မှတ်တာ ငွေကြေးတွေကို ရိုက်ထုတ်သုံးစွဲတာ၊ ဘဏ်တွေကို ငွေကြေးလည်ပတ်နေတာကို ရပ်တန့်အောင် လုပ်တာ၊ မှားယွင်းတဲ့ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်တွေရှိတယ်။ ဒါတွေက သူတို့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာပဲပေါ့။ ဒီဟာတွေရဲ့ အခြေခံမူလဇစ်မြစ်က စစ်ကောင်စီရဲ့ အာဏာသိမ်းမှု ကြောင့်မှုလို့ပဲ ပြောရမှာလေ။ စီးပွားရေးမှာ သီအိုရီရှိပြီးသားလေ။ ငွေကြေးတွေ ဒီလောက် ရိုက်ထုတ်နေမှာတော့ price ကတော့ တိုးတက်နေမှာပဲ။ ငွေတွေတိုးလာရင် ဈေးနှုန်းတွေ တိုးလာမှာပဲဆိုတာ economics theory မှာ ရှိပြီးသားပဲ၊ ဈေးနှုန်းတွေ တက်လာတာ မှန်သမျှကတော့ သူတို့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်လိုပဲ ပြောချင်တယ်။”
ဈေးကွက်ထဲ ဒေါ်လာလဲလှယ်နှုန်းတွေ အဆမတန်မြင့်တက်လာတာဟာ ငွေကြေးဖောင်းပွ လာတာကြောင့် မဟုတ်ဘဲ စီးပွားရေးသမားတွေ ဈေးကစားလို့ စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲပြောဆိုတဲ့ပေါ် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အမှားတွေကို ဖုံးကွယ်ပြီး ကုန်သည်တွေနဲ့ လူထုကို လွှဲချနေတာလို့ နိုင်ငံခြားသွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“အဓိက က သူတို့ရဲ့ အမှားကို သူတို့က လူထုကိုပုံချ၊ ဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့ဆိုပြီးတော့ အကုန်လုံးကို လိုက်ပိတ်၊ နောက် ဟိုလိုက်ပိတ် ဒီလိုက်ပိတ်ပြီးတော့ သူတို့အမှားကို သူတို့ကာပြီးတော့ သူများကို လွှဲချတာပေါ့။ ငါလုပ်တာမဟုတ်ဘူး မင်းတို့တွေကြောင့်ဖြစ်တာ တောက်လျှောက်လည်း ဒီတိုင်းပဲ ပြောခဲ့တာကို။ မီးပျက်တော့လည်း တာဝါတိုင်တွေချိုးလို့၊ အခု ရွှေဈေးတွေတက်တယ်၊ ဒေါ်လာဈေးတွေတက်ပြန်တော့လည်း ဒါကုန်သည်တွေကြောင့်ဖြစ်တာ၊ ကုန်သည်တွေ ကစားလို့ ဖြစ်တာ၊ ငါတို့ကြောင့်မဟုတ်ဘူး။ အဓိက က သူတို့မှာ အရန်ငွေမရှိတဲ့ ပြဿနာတွေ၊ နိုင်ငံခြားဒေါ်လာတွေ မရှိတဲ့ ပြဿနာတွေ၊ သူတို့ဘာသာသူတို့ စီမံခန့်ခွဲမှုအမှားတွေ၊ ကုန်သွယ်မှုပိတ်တဲ့ ကိစ္စတွေ၊ နိုင်ငံခြားဒေါ်လာ စီးဆင်းမှုပိတ်တဲ့ကိစ္စတွေ အဲဒါတွေ သူတို့ရဲ့ ပေါ်လစီအမှားတွေကို ဝန်မခံဘဲနဲ့ လူထုကို လုပ်ချနေတဲ့ဟာ မျိုးပေါ့ ဆိုတော့ ဒါက သူတို့ကို သူတို့ သိသင့်တယ် သူတို့အမှားသူတို့ သိသင့်တယ်။”
၂၀၂၀ ပြည့်နှစ်မှာ တိုင်းပြည်ရဲ့ကြွေးမြီတွေက တိုင်းပြည်ဝင်ငွေ GDP ရဲ့ ၄၂ ရာခိုင်နှုန်းပဲ ရှိရာကနေ ၂၀၂၄ ခုနှစ်ထဲမှာတော့ ၆၃ ရာခိုင်နှုန်းထိ ရှိလာတယ်လို့ သိရပါတယ်။
အာဆီယံနိုင်ငံတွေထဲ မြန်မာက ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေတာ ၃ ဆအထိ မြင့်တက်လာတဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြားကာလဗဟိုဘဏ် အထူးအကြံပေး မစ္စတာရှောင်တာနယ်လ် က ပြောဆိုထားပါတယ်။
ဝေဝေ