စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သာယာကုန်းရွာက အရပ်သား ၁၀ ဦးကို အင်မထီးပျူရွာက ပျူစောထီးတွေက ဇွန် ၁၂ ရက် မနက် ၆ နာရီလောက် ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးပြီး ဆန်အိတ် ၂၀၀ နဲ့လဲလှယ်ဖို့ ခြိမ်းခြောက် ပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာယာကုန်းရွာဟာ အင်မထီးပျူရွာနဲ့ တမိုင်ခန့်ဝေးတဲ့ကျေးရွာ ဖြစ်တယ်လို့ ရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့ရွာကတော့ အင်မထီးပျူတွေရဲ့ နှိပ်စက်မှုကြောင့် ဘဝတွေလည်း ပျက်လှပါပြီဗျာ။ သူတို့က တစိတ်ရှိ ရွာကိုပဲ ရန်ရှာနေကြတယ်။ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်လည်း ကျနော်တို့ရွာကို ရန်မူနေတော့တာပါပဲ။ အခုလည်း ကျနော်တို့ရွာက ပြည်သူတွေ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နေတာကို ဓားစာခံလုပ် ဖမ်းဆီးသွားကြတယ်ဗျာ။ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေက ကိုဝင်းသန်း၊ ကိုငြိမ်းတင်၊ ထွန်းဝင်း၊ ဦးဝင်းကြီး၊ ကိုအောင်တင်မင်း၊ ကိုဖိုးလုံး၊ မခင်ဌေး၊ မအုန်းမာကြီး၊ ကိုဝင်းဆန်း၊ ကိုကျော်ခိုင်တို့ ဖြစ်တယ်ဗျ။ အဲလူတွေကို ဖမ်းဆီးပြီး သူတို့ အင်မထီးရွာကို ည ဆန်အိတ် ၂၀၀ လာပို့ပေးရမယ်။ မပေးရင် ဖမ်းဆီးသွားသူတွေ သတ်ပစ်မယ်လို့ ပြောနေတယ်။”
သာယာကုန်းကျေးရွာကို အင်မထီးပျူစောထီးတွေက ၂၀၂၂ ခုနှစ် ဩဂုတ် ၄ ရက်က တကြိမ်၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်ကတကြိမ် မီးရှို့ပြီး ရွာသားတွေကို အခုလို ဖမ်းဆီးကာ ရိက္ခာနဲ့ လဲလှယ်ဖို့ အကြိမ်ကြိမ် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဒေသခံ BNRA အဖွဲ့မှ ရဲဘော်ဒေါင်းညိုက “ပြည်သူကိုဖမ်းပြီး ရိက္ခာတောင်းတဲ့လုပ်ရပ်က သူရဲဘောကြောင်ပြီး မိန်းမလို မိန်းမရ လုပ်ရပ်လို့ပဲ ပြောရမယ်။ သူတို့ထောက်ခံတဲ့ စကစ စစ်တပ်က ရိက္ခာလေးလောက်ကို ပြည့်စုံအောင် လုပ်မပေးနိုင်တာကို သစ္စာခံနေကြသေးတယ်။ ပြည်သူနဲ့ ပူးပေါင်းလိုက်ပေါ့ဗျာ။ ဒီဘက်ကလည်း ပူးပေါင်းလာတဲ့ ပျူစောထီးတွေကို ကောင်းကောင်းမွန်မွန်ကြိုဆိုပြီး နေစရာ ထိုင်စရာတွေ ပေးနေတာပဲ။ အခုလိုလုပ်ရပ်ကြီးက ခေတ်ပြန်ကောင်းသွားရင် ရွာနားနီးချင်းတွေပဲဟာဗျာ။ သမိုင်းဘယ်ကောင်းနိုင်ပါ့မလဲ” လို့ ပြောပါတယ်။
အင်မထီးပျူရွာက အခုလို အကြိမ်ကြိမ် လာရောက်အနိုင်ကျင့်တာကြောင့် ကျေးရွာအတွင်း မနေရဲကြဘဲ ကျေးရွာကိုစွန့်ခွာပြီး မိသားစုလိုက် ပြောင်းရွှေ့နေထိုင်သူတွေလည်း ရှိနေပါတယ်။
ပုလဲမြို့နယ်မှာ အင်မထီးရွာနဲ့ ဇီးဖြူကုန်းကျေးရွာတို့ဟာ စစ်တပ်ထောက်ခံကာ လက်နက်ကိုင်နေတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က စစ်ကောင်စီထောက်ခံသူတွေနဲ့ စစ်ကောင်စီတပ်သားတွေ အခြေချ တပ်စွဲထားတဲ့ ကံရွာကို ဇွန် ၁၂ ရက် မနက် ၃ နာရီကျော်မှာ တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်း ရပ်ကွက် ၃ ဒေသခံတဦးက “ပစ်ကြ၊ ခတ်ကြတဲ့ အသံတွေကတော့ မနက်ခင်း ၃ နာရီခွဲကျော်ကျော်က ကြားရတယ်။ ဝေဟင်ကနေ ဒရုန်းတွေနဲ့ ဗုံးသီးချတယ်။ မနက်ခင်း ၆ နာရီကျော်လောက်ကျတော့ မြေပြင်တိုက်ပွဲ ဖြစ်ကြတယ်။ အသေအပျောက်လည်း ရှိနိုင်တယ်” လို့ ပြောပါတယ်။
ကံရွာဟာ မင်းကင်းမြို့နဲ့ ၂ မိုင်ကျော်ဝေးတဲ့ ကျေးရွာတရွာဖြစ်သလို ရွာသားတွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ လာတိုက်ရင် ပြန်ခုခံပစ်ခတ်ဖို့ ကျေးရွာအတွင်းမှာ ကတုတ်ကျင်း၊ အကာအကွယ်တွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ဒေသခံကာကွယ်ရေးခေါင်းဆောင်တဦးက “စစ်ရေးသတင်းက ကျနော်တို့အဖွဲ့အားလုံး တိုင်ပင်ထားတာက ဇွန်လ ၁၃ ရက်နေ့မှ ထုတ်ပြန်မှာဖြစ်ပြီး လက်ရှိအချိန်မှာ တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး ပြောပြလို့မရသေးဘူး” လို့ DVB ကို ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်နဲ့ နီးစပ်သူတဦးကတော့ “ပျူမိန်းမ ၃ ဦး အရှင်ဖမ်းမိထားတယ်။ ကံရွာက တဦး၊ ကျေးတောင်ဦးက တဦး၊ ပန်းဆက်ရွာက စစ်သားမိန်းမ တဦး စုစုပေါင်း ၃ ဦးပေါ့။ တိုက်ပွဲအတွင်းမှာ ကံရွာက ပျူစောထီးခေါင်းဆောင် ရေခဲကတော့ ပွဲချင်းပြီး သေဆုံးတယ်။ နောက်ထပ် ပျူတယောက်ကတော့ မင်းကင်းဆေးရုံမှာ ဒဏ်ရာပြင်းထန်ရ အတွင်းလူနာအနေနဲ့ ကုသနေတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်တချို့ကို ပြည်သူ့ကာကွယ်ရေးဘက်က ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းပျံ့နှံ့နေသလို နှစ်ဖက်ထိခိုက်မှု သေဆုံးစာရင်း အတိအကျကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
သက်ဆိုင်ရာ လက်နက်ကိုင်နှစ်ဖက်စလုံးကလည်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။
ကံရွာကို ၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက်က တကြိမ်၊ ၂၀၂၄ ဖေဖော်ဝါရီ ၇ ရက်က တကြိမ် စုစုပေါင်း ၂ ကြိမ်နဲ့ လက်ရှိ တိုက်ခိုက်မှုတကြိမ် အပါအဝင် ၃ ကြိမ်အထိ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်တာခဲ့တယ်လို့ သိရပါတယ်။