ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီန္နီ နဲ့ လားရှိုးကြား မိုင်းလီလမ်းမှာ ဇွန် ၁၂ ရက် နေ့လယ်က မိုးသည်းထန် ချောင်းရေကြီးတာကြောင့် အဆင်း၊ အတက် ခရီးသည်တင်ယာဉ် အများအပြား ပိတ်မိနေတယ်လို့ ခရီးသည်တွေနဲ့ ကားသမားတွေက ပြောပါတယ်။
"သိန္နီကနေ လားရှိုးဘက် အဆင်း မိုင်းလီရွာ အကျော်နားက ချောင်းမှာ လမ်းပေါ် ရေ ကျော်လာလို့ သွားမရတော့တာ။ အခု အဲလမ်းမှာ စောင့်နေရတယ်။ ကားတွေက အများကြီးပဲ" လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။
တံတား အသစ်ဆောက်ဖို့ လုပ်နေတဲ့ ဘေးနားကနေ ချောင်းကျော်နိုင်ဖို့အတွက် ပိုက်လုံးထည့်၊ မြေဖို့ပြီး ယာယီ လုပ်ထားတဲ့နေရာ ဖြတ်မရတော့တာလို့ သူက ပြောပါတယ်။
"ရေတော့ကျပြီ။ လမ်းလည်း ပြန်တော့ လုပ်နေတယ်။ ခဏနေရင်တော့ သွားလို့ ရမယ်ထင်တယ်။ ဒါပေမဲ့ ကားတွေ မလွှတ်သေးဘူး။ အဆင်းအရင်လွှတ်မလား၊ အတက် အရင် လွှတ်မလားတော့ မသိဘူး။ လမ်းကတော့ ရွှံ့ဗွက်တွေ အရမ်းများနေတယ်" လို့ ခရီးသွားအမျိုးသမီးတဦးက ပြောပါတယ်။
မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ ကနေ လားရှိုးဘက်ကို သိန္နီ - ကန်မိုင်း - လားရှိုး လမ်း၊ သီန္နီ - စယ်အူ - ဂျာယန် - လားရှိုး လမ်း၊ သိန္နီ - မိုင်းလီ - လားရှိုး လမ်း စသဖြင့် သွားလို့ရပေမယ့် သိန္နီ - မိုင်းလီ - လားရှိုး လမ်း ကတော့ ပိုနီးပြီး အခြားလမ်းထက် ပိုကောင်းကာ လမ်းကြေး သက်သာတာကြောင့် ခရီးသွားတွေ ပိုမိုအသွားအလာများတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မြောက်ပိုင်း မဟာမိတ်ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစ သိန္နီ - လားရှိုး ပြည်ထောင်စု လမ်းမကြီး ပိတ်ထားလိုက်တာကြောင့် ခရီးသွား ပြည်သူတွေက ရွာလမ်းကနေ သွားလာနေကြရတာပါ။