စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာကနေ ဇွန် ၁၁ ရက် မနက်ပိုင်းက ဒေသခံပြည်သူတဦးရဲ့ ဆိုင်ကယ်ကို ခိုးယူသွားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုရဲအုပ်တဦးကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကိုင်းသား နယ်စည်းမခြား တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
စစ်ကိုင်းသား နယ်စည်းမခြား တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာန်ရှိသူတဦးက “အဲဒီ ရဲသူခိုးက ရွာခံတယောက်ရဲ့ ဆိုင်ကယ်ကို ခိုးပြီး ထွက်ပြေးသွားတယ်။ ကျနော်တို့ရဲဘော်တွေက လမ်းကနေ ပိတ်ပြီးဖမ်းတာကို သူ့မှာပါတဲ့ ခြောက်လုံးပြူးနဲ့ ပြန်ပစ်လို့ ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ။ ရဲသူခိုး ဒုရဲအုပ်ကတော့ နေရာမှာတင် ဆုံးသွားတယ်” လို့ DVB ကို ပြောပါတယ်။
ဆိုင်ကယ်သူခိုး ဒုရဲအုပ်ဆီကနေ MA 13 သေနတ် ၁ လက်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ MA 13 ကျည် ၁ဝဝ တောင့်၊ ခြောက်လုံးပြူးသေနတ်ကျည် ၁၃ တောင့်၊ ဖုန်း ၁ လုံးနဲ့ ကျည်ကာဝတ်စုံ ၁ ထည်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းသား နယ်စည်းမခြား တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “ရွာထဲက ဆိုင်ကယ်အခိုးခံလိုက်ရတာကို ကျနော်တို့ဆီကို ရွာခံတွေက သတင်းပေး တိုင်ကြားလို့ လိုက်လံဖမ်းဆီးပေးခဲ့ရတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကြွယ်ပုံကျေးရွာက ပျူစောထီးတွေဆီမှာ တပ်စွဲနေပြီး ရွာခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို မကြာခဏ ခိုးယူလေ့ရှိတယ်လို့ သိရပါတယ်။