Home
မြန်မာသတင်း
ခြံအမှတ် ၅၄ ကြမ်းခင်းဈေးလျှော့ရန် အဆိုတင်၊ ရှေ့နေအဖွဲ့ကို ပြောဆိုခွင့် ကန့်သတ်အမိန့်ထုတ်
DVB
·
October 28, 2024

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို လေလံဈေးလျှော့ချဖို့ ဦးအောင်ဆန်းဦးဘက်က တင်သွင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ထားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကို စစ်ကောင်စီက သတင်းတွေမှာ ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်အမိန့်ထုတ်ထားတာကြောင့် အခြေအနေအသေးစိတ်ကို စုံစမ်းဖို့ အခက်အခဲ ရှိနေပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို တတိယအကြိမ် လေလံထပ်ပစ်ရာမှာ ကြမ်းခင်းဈေးထပ်ပြီးလျှော့ချဖို့ ဦးအောင်ဆန်းဦးဘက်က တရားရုံးကို တင်သွင်းထားတာပါ။

တင်သွင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ထားပြီး တရားရုံးက ဘယ်လောက်နှုန်းထား ပြင်ဆင်သတ်မှတ်မယ် ဆိုတာကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ခြံအမှတ် ၅၄ ကို ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၃ သန်းအတိနဲ့ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဒုတိယအကြိမ် လေလံပစ်ခဲ့ပေမဲ့ လေလံဆွဲမယ့်သူ မရှိဘဲ ပွဲပျက်ခဲ့ပါတယ်။

မတ် ၂၀ ရက် ပထမအကြိမ် လေလံတုန်းက ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်းနဲ့ လေလံတင်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ ကြမ်းခင်းဈေးကို ကမာရွတ်ခရိုင်တရားရုံးက လျှော့ချသတ်မှတ်ပြီး လေလံတင်ခဲ့တာပါ။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “တဖက်ကတော့ လေလံကြမ်းခင်းဈေး နှိမ့်ချပြီးတော့မှ ရောင်းချပေးဖို့ဆိုပြီး သတ်မှတ်ပေးဖို့ဆိုပြီး လျှောက်ထားတာရှိတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကလည်း ကန့်ကွက်ထားတာရှိတယ်။ အဲဒီအပေါ်မှာတော့ အမိန့်တစုံတရာ ချမှတ်သေးတာမရှိဘူး။ လုပ်ထုံးလုပ်နည်းအရကျတော့ ဦးအောင်ဆန်းဦးက မြန်မာနိုင်ငံသား မဟုတ်တော့ဘူးလေ။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းချက်အရ သူက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြေတို့၊ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ ဆက်ခံပိုင်ခွင့်မရှိဘူး။ သို့သော်လည်းပဲ အဲဒီဥပဒေရဲ့ ကန့်သတ်ချက်က သူ့ရဲ့အမွေဆက်ခံခွင့်ကိုတော့ တားမြစ်ပိတ်ပင်ထားခြင်း မရှိဘူး။ ဒါကြောင့် သူက ပါဝါ ၅၄ ခြံကို ရောင်းပြီးတော့မှ ရလာတဲ့ငွေကို ခွဲဝေဖို့ သူလျှောက်ထားနေတာပေါ့နော်။ အမိန့်ချပြီးမှပဲ လေလံကြမ်းခင်းဈေး သတ်မှတ်ပြီးတဲ့ အခါကျမှ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကို လေလံပစ်မယ့်နေ့အတွက် လုံခြုံရေးအစောင့်အရှောက် တောင်းခံပြီးမှ တတိယအကြိမ် လေလံပစ်ဖို့ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ ရှေ့နေအဖွဲ့နဲ့ ထပ်မံတွေ့ဆုံခွင့်မရတော့ဘဲ သူ့ရဲ့ခြံအရောင်းအဝယ်ကိစ္စတွေကိုလည်း တိုက်ရိုက် ပါဝင်ဆုံးဖြတ်နိုင်တာ မရှိခဲ့ပါဘူး။

ရှေ့နေအဖွဲ့ဟာ အမွေစားအမွေခံ တရားမ ဇာရီအမှုအတွက် ပုံမှန်အတိုင်း ၂ ပတ်တကြိမ် ရုံးချိန်းတက်နေရပြီး ပိုဆိုးတဲ့အခြေအနေမဖြစ်အောင် ထိန်းပြီးဆောင်ရွက်နေရတဲ့သဘော ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဥပဒေအကြံပေး  ဦးခင်မောင်မြင့်က “အမှုသည်ဖြစ်တဲ့သူရဲ့ ညွှန်ကြားချက်မရဘဲနဲ့ ရှေ့နေက ကိုယ့်သဘောနဲ့ကိုယ် ဘာမှလုပ်မရဘူး။ ဘာလို့ဆိုတော့ အမှုသည်ကကျတော့ သူက ပင်မအဆုံးအဖြတ် ပေးရမယ့်သူပေါ့။ ရှေ့နေကျတော့ သူက ဒီအမှုသည်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရတယ်။ ရှေ့နေက သွားပြီးတော့ ဟာ ဒါလက်ခံပါတယ်၊ လက်မခံဘူး လုပ်လို့မရဘူး။ အခုကတော့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ခွင့်မရတဲ့အခါကြတော့ ရှေ့နေအဖွဲ့ကလည်း အလုပ်လုပ်ဖို့ အခက်အခဲ တော်တော်ဖြစ်နေတာ။ ရှေ့နေအဖွဲ့တွေကလည်းပဲ ကန့်သတ်ခံထားရတယ်။ ဒါတွေနဲ့ ပတ်သက်လို့ သတင်းတွေမှာ သူတို့ ပြောကြားခွင့်မရှိဘူး ဆိုပြီးတော့ ၁၄၄ အမိန့်ထုတ်ပြီး ကန့်သတ်ထားတော့ သူတို့လည်း ပြောရတာ အခက်အခဲရှိတာပေါ့။ ဖြေဖို့ အခက်အခဲ ရှိတာပေါ့နော်” လို့ ပြောပါတယ်။

ဝါရင့်ရှေ့နေ ဦးကြီးမြင့်က “တရားရုံးက မတရားသဖြင့်တော့ လျှော့ပစ်လို့မရဘူး။ တရားရုံးက အဲဒီလောက်အာဏာမရှိဘူး။ အဲဒါဆိုလို့ရှိရင် ဒီဈေးနဲ့ပတ်သက်လို့ အယူခံ ပြင်ဆင်တက်သွားလို့ ရတယ်။ မတရားသဖြင့် လုပ်လိုက်ရင်တော့ တဖက်ကလေ။ အဲဒီလိုတော့ လုပ်လို့မရပါဘူး။ ထိုက်တန်တဲ့အပေါ်မှာ စဉ်းစားပြီးတော့ တရားရုံးက လေလံဈေးကို သတ်မှတ်ပြီးတော့ လေလံပြန်ပစ်လိမ့်မယ် အဲဒီသဘောပဲရှိပါတယ်နော်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄၊ ပုဒ်မခွဲ (၁) အမိန့်ထုတ်ပြန်ပြီး ဆူပူမှုတွေမဖြစ်အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ ပြောဆိုချက်တွေကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက် ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးကနေ ၂၀၂၂ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါ်ရွက်နုအောင်ကို ဖမ်းဆီးတုန်းက မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တခုကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013