ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ ဗာတီကန်နိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ကြားလိုက်တဲ့အကြောင်း အီတလီသတင်းမီဒီယာတခုမှာ ဖော်ပြပါတယ်။
အခုလအစောပိုင်းက သွားရောက်ခဲ့တဲ့ အာရှခရီးစဉ်အတွင်း ဒေသတွင်း ရိုမန်ကက်သလစ် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို မိန့်ကြားခဲ့တာဖြစ်ပြီး ရောမမြို့မှာ သားဖြစ်သူ ကင်မ်အဲရစ်နဲ့ တွေ့ဆုံချိန်ကလည်း ဗာတီကန်မှာ လာရောက်ခိုလှုံမယ်ဆိုရင် လက်ခံဖို့လည်း အဆိုပြုထားတယ်လို့ ဆိုပါတယ်။
“ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို နှုတ်ဆိတ်နေလို့ မရပါဘူး။ တခုခုတော့ လုပ်ရမှာပါ… ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ဟာ အများအကျိုးပြု ဒီမိုကရေစီစနစ်ကို လေးစားတဲ့ လူတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို အခြေခံတဲ့ ငြိမ်းချမ်းရေးတခု ဖြစ်သင့်တယ်။”
အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစလို့ နေပြည်တော်နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။
အာဏာသိမ်း စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၆ နှစ်ကို မနှစ်က ဩဂုတ်လထဲမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့တာကြောင့် ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။