နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို ဩဂုတ် ၁၅ ရက်နေ့မှာ ဒုတိယအကြိမ်လေလံပစ်ဖို့ ကမာရွတ်ခရိုင်တရားရုံးက ဆုံးဖြတ်ချက်ချထားတယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
ဒုတိယံအကြိမ်လေလံပစ်ဖို့အတွက် ကြမ်းခင်းဈေးငွေကျပ် သိန်းပေါင်း ၃ သန်း သတ်မှတ်ထားပြီး စစ်ကောင်စီလက်အောက်ခံသတင်းစာတွေမှာလည်း ကြော်ငြာဖော်ပြထားပြီးဖြစ်ပါတယ်။
မတ် ၂၀ ရက်နေ့ ပထမအကြိမ်လေလံတုန်းက ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်းနဲ့လေလံတင်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ ကြမ်းခင်းဈေးကို တရားရုံးက လျှော့ချသတ်မှတ်ခဲ့တာပါ။
တရားရုံးနဲ့နီးစပ်သူတယောက်က “အိမ်ကိစ္စကတော့ ၁၅ ရက် ၈ လမှာ လေလံပစ်မှာလေ။ သတင်းစာကြော်ငြာကတော့ သတင်းစာထဲမှာပါပြီးသွားပြီ။ ကြမ်းခင်းဈေးက ကျပ်သိန်းပေါင်း ၃ သန်း၊ ပထမဦးဆုံးက ၃ သန်း ၁ သိန်း ၅ သောင်းကနေပြီးတော့ လေလံဈေးက ဟိုဘက်ကလူက ၂ သန်း ၈ သိန်း ၅ သောင်း လျှော့ဖို့ပြောတယ်။ တရားရုံးက အဲဒါကိုလက်မခံဘူး။ ကြားချလိုက်တယ်ပေါ့ဗျာ၊ ကျပ်သိန်းပေါင်း ၃ သန်းအတိပေါ့ဗျာ။ ကမာရွတ်ခရိုင်တရားရုံးဗျ” လို့ ပြောပါတယ်။
ခြံအမှတ် ၅၄ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်နာမည်နဲ့ အမည်ပေါက်ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းပါတယ်။
အရင်စစ်အစိုးရလက်ထက်က အဲဒီအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ် ဝန်းကျင်နေထိုင်ခဲ့ရတာပါ။
ခြံအမှတ် ၅၄ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂ ရက်မှာ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ကြေညာထားပြီး ရောင်းချ၊ ဝယ်ယူ၊ ပြင်ဆင်ဖို့ကြိုးစားသူအားလုံးကို ထိထိရောက်ရောက် အရေးယူမယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။