Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံအမှတ် ၅၄ ကို လေလံဆွဲမည့်သူမရှိသဖြင့် လေလံပွဲ မအောင်မြင်
DVB
·
March 20, 2024
DASSK-house_20032024

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူ တယောက်မှမရှိတဲ့အတွက် စစ်ကောင်စီရဲ့ လေလံပွဲ မအောင်မြင် ဖြစ်သွားခဲ့ပါတယ်။

ခြံအမှတ် ၅၄ ဟာ သမိုင်းတန်ဖိုးကြီးတာ၊ ကြမ်းခင်းဈေးမြင့်မားတာနဲ့ ဥပဒေအရှုပ်အရှင်း မကင်းတာတွေကြောင့် လေလံဆွဲမယ့်သူမရှိ ဖြစ်ခဲ့တာလို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက သူတို့ကြေညာထားတဲ့အတိုင်း မတ် ၂၀ ရက် မနက်မှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ မွန်းလွဲပိုင်းအထိ သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လေလံဆွဲမယ့်သူ မရှိတာကြောင့် လေလံပွဲမအောင်မြင်ဘဲ နောက်တကြိမ် လေလံတင်ဖို့ ရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့ ရန်ကုန်မြို့ခံ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ရန်ကုန်တိုင်း တရားလွှတ်တော်မှာ တင်ထားတဲ့ တရားမပြင်ဆင်မှု ဆုံးဖြတ်ချက် ကျလာမှ နောက်ထပ်လေလံပွဲ ထပ်ဖြစ်လာနိုင်ပြီး တရားရုံးလုပ်ငန်းတွေအရ နောက်ထပ်လေလံပွဲဖြစ်ဖို့ အချိန် သုံးလကနေ ခြောက်လအထိ ကြာမြင့်နိုင်ပါတယ်။

ဥပဒေရေးရာကျွမ်းကျင်သူ ဦးခင်မောင်မြင့်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို လေလံကြမ်းခင်းဈေး ပြင်ဆင်သတ်မှတ်ပေးဖို့၊ မူလသတ်မှတ်ထားတဲ့ ကြမ်းခင်းဈေးက ဥပဒေနဲ့အညီ မဟုတ်ဘူး ဆိုပြီးတော့ တရားမပြင်ဆင်မှု တက်ထားတာ ရှိပါတယ်။ တရားမပြင်ဆင်မှုက အမိန့်မချမှတ်သေးတဲ့ အတွက်လည်းပဲ လေလံဆွဲ ဝယ်ယူမယ့်သူ ရှိရင်တောင်မှ လေလံကြမ်းခင်းဈေးက အတည်မဖြစ်တဲ့အတွက် လေလံပစ်တာ မအောင်မြင်ဘူးလို့ ပြောရမှာ။ ဘာကိုစောင့်ရမှာလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ထားတဲ့ တရားမပြင်ဆင်မှုမှာ အမိန့်တရပ် ချမှတ်ပြီးတော့ မူလရုံးက ချမှတ်ထားတဲ့ လေလံကြမ်းခင်းဈေးကို အတည်ပြုမလား သို့တည်းမဟုတ် လေလံကြမ်းခင်းဈေးကို သင့်လျော်တဲ့ ပမာဏတခုအထိ ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးမလား။ အဲဒီအမိန့်ရပြီးမှပဲ ထပ်ပြီးတော့ လေလံပစ်တာကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလျှောက်ထားချက်ကို လက်ခံပြီးတော့ ကြားနာခွင့် ပြုသင့် မပြုသင့် လျှောက်လဲချက် တကြိမ်ပေးရမှာ။ အဲဒီမှာ လက်ခံကြားနာသင့်တယ်လို့ ဆုံးဖြတ်မှ အပြီးသတ် လျှောက်လဲချက်ပေးပြီး အမိန့်ချမှတ်မှာဖြစ်တော့ အနိမ့်ဆုံးတော့ တရားရုံးလုပ်ငန်းတွေအရ သုံးလကနေ ခြောက်လကြား ကြာသွားနိုင်ပါသေးတယ်” လို့ ပြောပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ကမာရွတ်ခရိုင်တရားရုံးက ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃ သိန်းကျော် (ဒေါ်လာသန်း ၉၀ ဝန်းကျင်) ကြမ်းခင်းဈေး သတ်မှတ်ခဲ့ပြီး ဒီကြမ်းခင်းဈေးဟာ တရားပြိုင် ဦးအောင်ဆန်းဦးရဲ့ အဆိုပြုချက်တခုတည်းအပေါ်ကိုသာ တည်မှီ ဆုံးဖြတ်ခဲ့တာပါ။

ဥပဒေပြဋ္ဌာန်းချက်နဲ့ လုပ်ထုံးလုပ်နည်းတွေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြမ်းခင်းဈေး အဆိုပြုချက်ကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်တဲ့အတွက် အတိုင်ပင်ခံရဲ့ ရှေ့နေအဖွဲ့က ရန်ကုန်တိုင်းတရားလွှတ်တော်မှာ တရားမ ပြင်ဆင်မှု တင်ခဲ့တာ ဖြစ်ပါတယ်။

ဥပဒေရေးရာကျွမ်းကျင်သူ ဦးခင်မောင်မြင့်က “သာမန်အမှုမျိုး မဟုတ်ဘူးလေ။ နိုင်ငံရဲ့သမိုင်းနဲ့ချီပြီးတော့မှ တန်ဖိုးရှိတဲ့ အိမ်နဲ့မြေကွက် ဖြစ်နေတာကိုး။ ခုန လေလံကြမ်းခင်းဈေးကို ပေးနိုင်သည့်တိုင်အောင် ပေးမယ့်သူတွေကလည်း သမိုင်းမှာ အမည်းစက် အထင်မခံနိုင်တဲ့အတွက် လေလံကို ဝင်မဆွဲကြတာလို့လည်း ကျနော်တို့ မြင်လို့ရပါတယ်။ လေလံမအောင်မြင်ခြင်းရဲ့ အကြောင်းမှာ နှစ်ချက်ပေါ့။ တစ်အချက်က လေလံကြမ်းခင်းဈေးက အင်မတန် မြင့်မားနေတာ။ နှစ်အချက်ကတော့ လေလံတင်မယ့် မြေကွက်နဲ့ နေအိမ်သည် သမိုင်းတန်ဖိုး အင်မတန်ကြီးတဲ့နေရာ ဖြစ်နေတဲ့အတွက် သမိုင်းမှာ အမည်းစက် တင်မခံနိုင်တဲ့အတွက် ဝင်မဆွဲကြတာလို့ ထင်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး ဆုံးဖြတ်ချက်အရ ခြံနေရာတဝက် ပိုင်ဆိုင်ခွင့်ရထားသူ ဦးအောင်ဆန်းဦးက သူ့ရဲ့ခွဲတမ်းကို လက်ဝယ်ရအောင် ရောင်းချခွဲဝေဖို့ ၂၀၂၁ အောက်တိုဘာလမှာ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးဆီကို ပုဂ္ဂိုလ်ရေးလျှောက်လွှာစာ ပေးပို့ခဲ့ပြီးနောက်မှာ ပြည်ထောင်စု တရားလွှတ်တော်က လက်ခံကြားနာပြီး လေလံတင်ဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့တာပါ။

ခြံအမှတ် ၅၄ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ရောင်းချ၊ ဝယ်ယူ၊ ပြင်ဆင်သူ အားလုံးကို အရေးယူသွားမယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက သတိပေး ပြောဆိုထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013