အီရတ်နိုင်ငံ ကာဒစ်စတန်ပြည်နယ်အတွင်း ခရစ်တော်မပေါ်ခင် နှစ် ၇၀၀ လောက်တည်းက တည်ခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုမြို့ဖြစ်တဲ့ ဒတ်ဟုတ်မြို့မှာ မတ် ၁၉ ရက်က မိုးသည်းသည်းထန်ထန်ရွာပြီး ရုတ်တရက် ရေကြီးခဲ့ပါတယ်။
ရေစီးနဲ့မျောပါသွားတဲ့ လူလေးဦးပါတဲ့ ကားတစီး ရေမြုပ်သွားရာက လူနှစ်ဦး သေဆုံးခဲ့ပါတယ်။
မြို့ထဲကို ရေတွေစီးဝင်လာလို့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ရွှံ့တွေ၊ အပျက်အစီးတွေက ဖုံးလွှမ်းသွားပါတယ်။
ဒေသခံတဦးက သူ့အိမ်ကို ရေလှိုင်းတွေ ရိုက်ခတ်ချိန်မှာ သူနဲ့ မိသားစုက အိမ်ရဲ့ ဒုတိယထပ်မှာ ခိုလှုံနေရတယ်လို့ ပြောပါတယ်။
မြို့အုပ်ချုပ်ရေးမှူးက ဒေသခံတွေ မလိုအပ်ဘဲ အိမ်ကနေ မထွက်ကြဖို့ တိုက်တွန်းထားတယ်လို့ ဒေသခံ မီဒီယာက ထုတ်ပြန်ပါတယ်။
ဟစ်ရှ်ကာရိုမြစ်ဝှမ်းနဲ့ မီတာ ၃၀၀ အကွာ ဆာဟာဒန်ရပ်ကွက်က တချို့အိမ်တွေ အိမ်ခေါင်မိုး မြုပ်တဲ့အထိ ရေကြီးခဲ့တာပါ။
ကာဒစ်စတန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ ရေကြီးနိုင်ပြီး ပြည်နယ်ရဲ့မြို့တော် အာရ်ဘီမှာ မိုးသည်းသည်းမည်းမည်း ရွာမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
လတ်တလောနှစ်တွေအတွင်း ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ရုတ်တရက် ရေကြီးတာနဲ့ ရေမျက်နှာပြင် မြင့်တက်တာတွေဟာ အီရတ်နိုင်ငံမှာ ပုံမှန်ဖြစ်လာနေပြီး ကပ်ဆိုက်တဲ့အဆင့်အထိ အသေအပျောက် အပျက်အစီး များတာတွေလည်း ပိုဆိုးလာနေပါတယ်။
ဒုတိယအကြိမ် ရေကြီးမှုကြောင့် အမေရိကန်ဒေါ်လာ ၁၄ သန်းဖိုး ပျက်စီးဆုံးရှုံးတယ်လို့ စည်ပင်သာယာနဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်း တွက်ချက်ထားပါတယ်။
Source/Photo-Reuters