မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် တာလတ်ပစ် ဟိုက်ပါဆိုးနစ် ဒုံးပျံအမျိုးအစားသစ်အတွက် လောင်စာခဲအင်ဂျင်သုံး ဂျက်လေယာဉ်ရဲ့ မြေပြင်စမ်းသပ်မှုကို လမ်းညွှန်ပြသခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း KRT က မတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
“အရေးကြီးတဲ့ စမ်းသပ်မှုမှာ အောင်မြင်မှုတွေကနေတဆင့် အသံထက်မြန်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် လက်နက်စနစ်သစ်ကို အကောင်အထည်ဖော်ဖို့ အချိန်ဇယားကို သတ်မှတ်ခဲ့ကြောင်း” KRT သတင်းဖတ်ကြားသူ ရီချွန်းဟီးက ဖတ်ကြားသွားပါတယ်။
ဒီစမ်းသပ်မှုကို မတ် ၁၉ ရက် မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတို့မှာ အနောက်ဘက်ကမ်းရိုးတန်း အနီးရှိ မြောက်ကိုရီးယားရဲ့ ပင်မ ဆိုဟဲ ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှာ ပြုလုပ်ခဲ့ကြောင်းလည်း KRT သတင်းက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ဇန်နဝါရီလတုန်းကလည်း တာလတ်ပစ် အကွာအဝေးရှိ အသံထက်မြန်တဲ့ ဒုံးကျည်စမ်းသပ်မှုတခုကို ပြုလုပ်ခဲ့ပြီး အဲဒီတုန်းက လောင်စာအဆီခဲ အင်ဂျင်အသစ်ကို အသုံးပြုထားပြီးတော့ ဦးတည်ရာပြောင်းပြီး လှုပ်ရှားမောင်းနှင်နိုင်တဲ့ ထိပ်ဖူးတပ် စစ်ဆင်ရေးကိုလည်း စမ်းသပ်ခဲ့ပါသေးတယ်။
Source/Photo-Reuters