Home
မြန်မာသတင်း
ဖျာပုံတွင် နယ်ကျော်ထောက်ခံစာတရွက်ကို ငွေ  ၂၀,၀၀၀ အထိ ပေးနေရ
DVB
·
March 20, 2024
pyar 2032024

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှာ နယ်ကျော်ထောက်ခံစာ လုပ်နေရပြီး ထောက်ခံစာ တရွက်ကို အနည်းဆုံး ငွေကျပ် ၂၀,၀၀၀ အထိ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပေဒကို အသက်သွင်းပြီးနောက် မတ်လ ပထမပတ်က စတင်ပြီး ဖျာပုံမြို့နယ်မှာ အကြောင်းအမျိုးမျိုးနဲ့ နယ်ကျော်ခရီးသွားပါက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ထောက်ခံစာ လုပ်နေရတာလို့ ဆိုပါတယ်။

ဖျာပုံမြို့ခံတဦးက “ဘိုကလေးမြို့ကို သွားလည်း လုပ်ရတယ်။ ဘိုကလေးမြို့ကနေ ဖျာပုံကို လာတဲ့သူလည်း လုပ်ရတယ်။ အခု ဘယ်သွားသွား ထောက်ခံစာလုပ်နေရတာ။ ထောက်ခံစာလုပ်တော့လည်း အနည်းဆုံး ၂၀,၀၀၀ ပေးရတယ်။ နှစ်ခါလုပ်ရင် ၄၀,၀၀၀ ဖြစ်နေပြီ။ ဘာလို့ ရုတ်တရက် ထလုပ်ခိုင်းလဲတော့ မသိဘူး။ မလုပ်ရင် တာဝန်မယူဘူး၊ ဖမ်းခံလိမ့်မယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို အခုလို နယ်ကျော်ထောက်ခံစာတွေ လုပ်ခိုင်းတာဟာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်သွားမှာကို ကြောက်ပြီး ခရီးသွားလာတဲ့ အချက်အလက်တွေ သိရစေဖို့ ထိန်းချုပ်တာလို့ အုပ်ချုပ်ရေးအသိုက်အဝန်းက ဆိုပါတယ်။

“အခုက အမျိုးသားတွေကို ထောက်ခံစာ အဓိကထား လုပ်ခိုင်းနေတာလို့ သိရတယ်။ ဘယ်လိုအကွက်ရွှေ့တယ်ဆိုတာ အားလုံးအသိပဲဗျ။ ကျနော်တို့လူငယ်တွေ သူတို့တပ်ထဲ မဝင်မှာ၊ ရှောင်သွားမှာစိုးပြီး လိုက်လုပ်နေတာ။ ထပ်ပြောရရင် ပြည်သူကို ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ချုပ်ချယ်နေတာ။ လူငယ်တွေရဲ့ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာကို သိရှိစေဖို့လုပ်တာ။ တော်လှန်ရေးအဖွဲ့တွေနဲ့ သွားပူးပေါင်းမှာကြောက်လို့ လုပ်တာ” လို့ ဖျာပုံမြို့ခံတဦးက ပြောပါတယ်။

ဖျာပုံမြို့နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုကလည်း ဒေသခံတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ဝင်မှာစိုးရိမ်ပြီး နယ်ကျော်ခရီးသွားရင် မှတ်ပုံတင်တွေ စစ်တာအပြင် နယ်ကျော် ထောက်ခံစာတရွက် ငွေကျပ် ၁၅,၀၀၀ အထိ ပေးလုပ်ခဲ့ရသေးတယ်လို့ သိရပါတယ်။

အရပ်သား NLD ပါတီ အစိုးရလက်ထက်က ဖျာပုံမြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့အတွက် နယ်ကျော် ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးတာ ရှိခဲ့ပေမဲ့ ထောက်ခံစာ မလုပ်ခဲ့ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

Photo Myo Oo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013