ပဲခူးတိုင်း၊ ပြည်မြို့အဝင်မှာ ဘုန်းကြီးတပါး မောင်းနှင်လာတဲ့ကား သစ်ပင်ကို ဝင်တိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး သာသနာ့နွယ်ဝင် ၅ ပါး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ထံကနေ သိရပါတယ်။
ပြည်မြို့အဝင် ဆင်မကြပ်လမ်းဆုံအနီး ပြည်-ရန်ကုန် ကားလမ်းပေါ်မှာ မတ် ၁၈ ရက် ည ၉ နာရီလောက်က သံဃားတပါး မောင်းနှင်လာတဲ့ ဟွန်ဒါဖစ်ကားဟာ ကားတစီးကိုရှောင်ရင်း သစ်ပင်ကို ဝင်တိုက်ခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ ဘုန်းကြီးနှစ်ပါး၊ ဆရာလေးတပါး၊ ကိုရင်လေးတပါးနဲ့ ဖိုးသူတော်တပါးထဲက ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး ဘုန်းကြီးတပါးက ခါးနဲ့ မျက်နှာတို့မှာ ပွန်းပဲ့ဒဏ်ရာ၊ ဆရာလေးနှစ်ပါးက နားထင်နဲ့ မျက်လုံး ဖူးရောင်ဒဏ်ရာ၊ ကိုရင်တပါးက ရင်ဘတ်အောင့်ဒဏ်ရာနဲ့ ဖိုးသူတော်က ဘယ်ဒူးပွန်းဒဏ်ရာနဲ့ ညှပ်ရိုးအောင့်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) တာဝန်ရှိသူတဦးက “ရွှေနတ်တောင်ကပြန်အလာ မြို့ရှောင်လမ်းထိပ်မှာ ကားကိုရှောင်ပြီး သစ်ပင်ကို ဝင်တိုက်လိုက်တာ။ ယာဉ်မောင်းဘုန်းကြီးတပါးက သတိလစ်ပြီး ဆေးရုံအရောက်မှာ ပျံလွန်တော်မူသွားတာ။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာနည်းတဲ့အတွက် စိုးရိမ်စရာ အခြေအနေ မရှိပါဘူး” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဘုန်းကြီးနှစ်ပါး၊ ဆရာလေးနှစ်ပါး၊ ကိုရင်တပါးနဲ့ ဖိုးသူတော်တပါးတို့ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) အသင်းက ပြည်ဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ပါတယ်။