Home
မြန်မာသတင်း
မန္တလေးသင်္ကြန်ကို ကျုံးပတ်လည် DJ မဏ္ဍပ်များဖြင့် ပြုလုပ်ရန် စစ်ကောင်စီ စီစဉ်
DVB
·
March 20, 2024
fest 2032024

အခုနှစ် ကျင်းပမယ့် မန္တလေးသင်္ကြန်ကို ၂၀၁၅ ခုနှစ်ရဲ့ အရှေ့ပိုင်းနှစ်တွေကလို DJ မဏ္ဍပ်အများအပြားနဲ့ ကျုံးဘေးပတ်လည်မှာ ပြုလုပ်သွားမှာဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်ပါပေးသွားဖို့ ရှိနေပါတယ်။

မန္တလေးသင်္ကြန်ကို စည်ကားစေဖို့ ရည်ရွယ်ပြီး စစ်ကောင်စီက ကျုံးမြောက်ဘက်၊ အနောက်ဘက်ခြမ်းနဲ့ ကျုံးအရှေ့ဘက်ခြမ်းကို DJ မဏ္ဍပ်တွေ ခွင့်ပြုပေးသွားမှာဖြစ်ပြီး ကျုံးတောင်ဘက်ခြမ်းကို စည်ပင်နဲ့စစ်တပ် မဏ္ဍပ်တွေ၊ ဌာနဆိုင်ရာမဏ္ဍပ်၊ စတုဒိသာ မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပြုလုပ်သွားမယ်လို့ မန္တလေးစည်ပင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

အဲဒီရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် စတုဒိသာမဏ္ဍပ်တွေ ဆောက်လုပ်ဖို့အတွက် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် တည်ဆောက်ရေးနဲ့ ရေကစားမဏ္ဍပ်တွေ ရွေးချယ်နေရာချထားရေးလုပ်ငန်းကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို ဧပြီ ၁၀ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။

စည်ပင်ဝန်ထမ်းတယောက်က  “ဒီနှစ် DJ မဏ္ဍပ်တွေ အကုန်ပြန်ပြီးခွင့်ပြုလိုက်ပြီ။ လုပ်ချင်ရင် လာလျှောက်ပြီး ဆောက်ရုံပဲ။ အဓိကကတော့ လူတွေပြန်စည်အောင်လုပ်တာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မန္တလေးသင်္ကြန်ကို စည်ကားအောင် စစ်ကောင်စီက မဏ္ဍပ်တွေ ခွင့်ပြုပေးခဲ့ပေမယ့် ရေကူးကန်တွေနဲ့ အလုံပိတ်မဏ္ဍပ်တွေသာ DJ Bar တွေမှာ ပြုလုပ်ခဲ့ကြပြီး မဏ္ဍပ်ဆောက်သူ နည်းပါးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ရေကူးကန်မှာ DJ သင်္ကြန်ပြုလုပ်ခဲ့သူတဦးက “ဒီနှစ်လည်း Private ပွဲ လုပ်ဖို့ပဲ စဥ်းစားထားတယ်။ ဒါပေမဲ့ အခုအခြေအနေတွေက မငြိမ်တော့ တွဲလုပ်နေကြ သူငယ်ချင်းတွေ အကုန်ပြည်ပရောက်နေလို့ ထိုင်းသင်္ကြန်ပဲ သွားဖြစ်ကြမလား စီစဥ်နေတုန်းပဲရှိသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အခုနှစ်မှာ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မယ့် နေရာတွေပါ တိုးထားပြီး စစ်တပ် တပ်စွဲထားတဲ့ အနောက်ကမ်းနားလမ်း ၃၅ လမ်းကနေ ၂၆ လမ်းအထိပါ မဏ္ဍပ်တွေ ဆောက်လုပ်သွားဖို့ရှိပါတယ်။

ယခင် NLD အစိုးရလက်ထက်မှာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ယဥ်ကျေးမှုနဲ့ မလျော်ညီတာကြောင့် DJ မဏ္ဍပ်တွေကို အခွန်အခတိုးကောက်ကာ တင်းကျပ်ခဲ့သလို သန့်ရှင်းရေးအခွန် အများအပြားကောက်တာ ဒဏ်ကြေးငွေတိုးမြှင့်တာတွေလည်း ပြုခဲ့ပါတယ်။ 

ဒါ့အပြင် ရေရှားပါးမှုမရှိစေဖို့ ရေပတ်ချိန်ပါကန့်သတ်ပြီး မဏ္ဍပ်တခုလျှင် အခွန်ကျပ်သိန်း ၃၀ အထိ တောင်းတာမျိုးပြုလုပ်ခဲ့ပြီး တနိုင်တပိုင်မိသားစုမဏ္ဍပ်တွေကို အများအပြားပြုလုပ်ကာ ရိုးရာ မိသားစုသင်္ကြန်ကို ဖန်တီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013