Home
မြန်မာသတင်း
တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ရင်းလိုက် စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ထွက်ပြေး
DVB
·
March 20, 2024
mil
pasted image 0

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခမရ ၅၅၈ တပ်ရင်း ဒေသအခေါ် မဲ့သရောထစခန်းက တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ နီးပါး  တပ်ရင်းလိုက် စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာပါတယ်။

အဆိုပါ ခမရ ၅၅၈ တပ်ရင်းဟာ စကခ ၁၃  လက်အောက်ခံ တပ်ရင်းဖြစ်ပြီး သူတို့စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်သိမ်းမယ်ဆိုပြီး သတင်းရရှိခဲ့တာကြောင့်  တပ်ရင်းလိုက်ထွက်ပြေးလာတာလို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ် ၁၇ ရက်မှာ စခန်းကနေ ထွက်ခွာခဲ့ပြီး မတ် ၁၉ ရက် မနက် ၁၀ နာရီကျော်မှာတော့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေးရွာကို ရောက်လာလို့ ထိုင်းစစ်တပ်တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ 

တပ်ရင်းမှူး ကျော်သူသူအောင်နဲ့ ဗိုလ်ကြီး ချမ်းသာဖြိုးတို့ ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း  ၄၈ ဦး ကိုဖမ်းဆီးထားတယ်လို့ ထိုင်းအာဏာပိုင်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်လာသူတွေကို စစ်ဆေးမှာဖြစ်ပြီး ပြန်ချင်သူတွေကို ထိုင်းနယ်ခြားကော်မီတီဆီလွှဲပေးကာ ပြန်ပို့မယ်လို့ အဆိုပါ ထိုင်းအာဏာပိုင်နဲ့နီးစပ်သူက ပြောပါတယ်။

“ဖမ်းထားတယ်။ စစ်ကြောရေးလုပ်မယ်။ ပြန်ချင်ရင် ပြန်ပို့မယ်။ TBC နဲ့လွှဲမယ်။ မြို့နယ်အဆင့် မဲဆောက်မှာ။”

ကရင်နယ်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီ တပ်ရင်းတွေကို အခုရက်ပိုင်းတွေက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာပါ။

ကျိုက်ဒုံဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် ကျန်တဲ့ စစ်စခန်းတွေကို ဆက်လက်သိမ်းပိုက်ဖို့ ပြင်ဆင်နေချိန် အခုလို စစ်ကောင်စီတပ်တွေ တပ်ရင်းလိုက် တဖက်နိုင်ငံကို ထွက်ပြေးလာတာပါ။

ထွက်ပြေးသွားတဲ့ ခမရ ၅၅၈ တပ်ရင်း (မဲ့သရောထ) စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက မတ် ၁၈ ရက်နေ့ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် နယ်စပ်ကိုကျော်လွန်ပြီး ထိုင်းနိုင်ငံအတွင်းကို လက်နက်ကြီး ကျည်ကျရောက်တာ၊  တိုက်လေယာဉ်တွေ လေပိုက်နက်ကျူးကျော်ဝင်ရောက်တာနဲ့  စစ်ကောင်စီဖွဲ့ဝင်တွေ ထိုင်းနိုင်ငံအထိ ထွက်ပြေးတာတွေ ရှိနေတာပါ။

အလားတူ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတွေဘက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ဝင်ရောက် ထွက်ပြေးတာတွေလည်း ရှိနေပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013