ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်ရောက်နေတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတဦးဟာ မျိုးဗီဇပြင်ထားတဲ့ ဝက်တကောင်ထံက ကျောက်ကပ်အသစ်ကို လက်ခံရရှိတဲ့ ပထမဆုံး လူသား ဖြစ်လာတယ်လို့ မက်ဆာချူးဆက် အထွေထွေဆေးရုံကြီး၊ ဘော်စတွန်က ဆရာဝန်တွေက မတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ် ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ လေးနာရီကြာ ခွဲစိတ်အစားထိုးမှုဟာ လူနာတွေအတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပိုပြီး အလွယ်တကူ ရနိုင်အောင် ကြိုးပမ်းမှုမှာ အကြီးစား သမိုင်းမှတ်တိုင်တခု ဖြစ်တယ်လို့ ဆေးရုံက ကြေညာချက် ထုတ်ပြန်ပါတယ်။
မက်ဆာချူးဆက်ပြည်နယ်၊ ဝေးမောက်က ရစ်ချတ်ဆလေးမန်းဆိုတဲ့ လူနာဟာ ပြန်လည်သက်သာလာပြီဖြစ်ပြီး မကြာခင် ဆေးရုံကဆင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ဆလေးမန်းဟာ ၇ နှစ်ကြာ ကျောက်ကပ်ဆေးခဲ့ဖူးပြီး ၂၀၁၈ မှာ ဒီဆေးရုံကနေပဲ လူသားကျောက်ကပ် အစားထိုးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ငါးနှစ်အကြာမှာ အစားထိုးကျောက်ကပ် ပြန်ပျက်စီးလာတဲ့အတွက် ကျောက်ကပ်ပြန်ဆေးနေရသူ ဖြစ်ပါတယ်။
လက်ခံတဲ့လူသားအပေါ် အန္တရာယ်ရှိနိုင်တဲ့ မျိုးဗီဇတွေကို တည်းဖြတ်ဖယ်ထုတ်ထားတဲ့ ဝက်တကောင်ရဲ့ ကျောက်ကပ်ကို မက်ဆာချူးဆက်ပြည်နယ်၊ ကမ်းဘရစ်ချ်က eGenesis ကုမ္ပဏီက ပံ့ပိုးပေးတာ ဖြစ်ပါတယ်။
လူသားကို ကူးစက်နိုင်တဲ့ ဝက်တွေမှာ မွေးရာပါ ပါတဲ့ ဗိုင်းရပ်စ်တွေကိုလည်း ပျက်ပြယ်အောင် လုပ်ပေးထားတယ်လို့ ဆိုပါတယ်။
eGenesis က အလားတူ မျိုးပြင်ထားတဲ့ ဝက်ကျောက်ကပ်တွေကို မျောက်တွေမှာလည်း အစားထိုးပေးခဲ့ဖူးပြီး ပျမ်းမျှ ၁၇၆ ရက် အသက်ရှည်တယ်လို့ ဆိုပါတယ်။ အသက်အရှည်ဆုံးမျောက်က နှစ်နှစ်ကျော်အထိ နေသွားရတယ်လို့လည်း သိရပါတယ်။
Source/Photo-Reuters