ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်မှာ အခုတပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်တွေကြား နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်နဲ့ မီးလောင်ဗုံးတွေ ကြဲချတဲ့အတွက် မြို့ထဲမှာ မီးလောင်ကျွမ်းနေပါတယ်။
ဆိုက်ခေါင်ကျေးရွာမှာ အခြေချထားတဲ့ လက်နက်ကြီးနဲ့ ဆီဆိုင်မြို့ပေါ်ကို မတ် ၂၁ တရက်တည်းမှာ အချက်ပေါင်း ၃၀ ကျော် ပစ်ခတ်ခဲ့တယ်လို့လည်း PNLA တပ်ဖွဲ့ထံက သိရပါတယ်။
PNLA ပြောရေးဆိုခွင့်ရ ခွန်ရိန်းယံက “မနေ့ည (မတ်လ ၂၀) ၁၀ နာရီကနေ ၁၂ နာရီအထိ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးအလုံးပေါင်း ၁၀၀ ကျော် ကြဲချခဲ့ပါတယ်။ အကြိမ်ပေါင်းကတော့ ၁၃ ကြိမ်ရှိတာပေါ့။ တကြိမ်ကို ၁၀ လုံးအထိ ကြဲပါတယ်။ ပြီးတော့ ဒီနေ့ (မတ် ၂၁) ရက် မနက်အထိလည်း စစ်ကောင်စီက လက်နက်ကြီးတွေ၊ မီးလောင်ဗုံးတွေနဲ့ မြို့ကို ပစ်ခတ်နေတုန်းဖြစ်ပါတယ်။ ဒါတွေကြောင့် မြို့ထဲမှာ မီးလောင်နေပါတယ်” လို့ ပြောပါတယ်။
ဆီဆိုင်မြို့ အနောက်ဘက် ကျေးရွာတွေမှာ စစ်ရှောင်နေတဲ့ မြို့ခံတဦးက “အခု ဆီဆိုင်မှာ မီးခိုးငွေ့တွေ အလုံးကြီး နည်းတာမဟုတ်ဘူး၊ ဗုံးသံတွေလည်း ဆက်တိုက်ပဲ၊ မနေ့ညကတည်းက အခုထိကို ပစ်နေတာ။ အခုတလောက အခြေအနေ ပိုဆိုးလာနေသလိုပဲ။ ရွာထဲတွေမှာလည်း မီးလောင်နေတာ၊ အဝေးကြီးကနေ လှမ်းကြည့်တာတောင် ထင်းထင်းကြီးမြင်ရတယ်။ အခု စစ်ထပ်ရှောင်ရဦးမလား မသိဘူး။ လေယာဉ်တွေက လာလာနေတော့ လူတွေက ကြောက်နေတာ။ အခုတောင် ရွာဘေးမှာ ရွာသားတွေ စုနေကြတယ်” လို့ ပြောပါတယ်။
ဆီဆိုင်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်တို့ နှစ်လကြာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် မြို့တွင်းနဲ့ အနီးတဝိုက် ကျေးရွာက နေအိမ်အဆောက်အဦ ၄၀၀ ကျော်၊ အစိုးရဌာနဆိုင်ရာရုံး၊ ရဲစခန်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦ ၁၀ ခုနဲ့ မြို့မဈေးကြီးတခုလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။