ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဦးဘချိုလမ်းရှိ ကြင်စားသောက်ဆိုင်မှာ မတ် ၂၁ ရက် မနက် ၅ နာရီက မီးလောင်မှုဖြစ်ပြီး ဆိုင်ခန်း သုံးခန်းနဲ့ နေအိမ် တလုံးပျက်စီးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီ မီးလောင်မှုကြောင့် လျှပ်စစ်ပစ္စည်းဆိုင်၊ ဆေးဆိုင်၊ ရေခဲအရောင်းဆိုင်နဲ့ အုတ်ညှပ်နှစ်ထပ်အိမ် တလုံး မီးလောင်ပျက်စီးသွားပါတယ်။
ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တဦးက ''ထမင်းပေါင်းအိုးနဲ့ ထမင်းတည်ထားခဲ့ရင်း မီးခလုတ် မပိတ်မိလို့ ထမင်းပေါင်းအိုး အပူရှိန်လွန်ကဲပြီး အောက်ခံစားပွဲအထပ်သားပြားတွေကို မီးကူး စက်လောင်ကျွမ်းပြီး အဆောက်အဦးတွေပါ မီးလောင်တာ။ လူသေဆုံး ထိခိုက်တာ မရှိပါဘူး”လို့ ပြောပါတယ်။
အဲ့ဒီ မီးလောင်မှုကို မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနနဲ့ ဒေသခံတွေ၊ လူမှုကူညီရေးအဖွဲ့တွေက ပူးပေါင်းဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးတွက်ချက် နေပါတယ်။
ဒေသခံ ပရဟိတအဖွဲ့ဝင် တဦးက''အပူရှိန် အရမ်းပြင်းတဲ့အချိန်ရောက်နေပြီး မီးကို အချိန်ပြည့် သတိပြုသုံးကြဖို့ ပြောချင်တယ်။ အချိန်မီ မီးထိန်းနိုင်ခဲ့လို့၊ နို့မို့ဆို အခုထက် မီးလောင်ဆုံးရှုံးမှုများတယ်'လို့ ပြောပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး အသက် ၃၉ နှစ်အရွယ်ရှိ ကြင်စားသောက်ဆိုင်ပိုင်ရှင်ကို မြောင်းမြမြို့နယ်ရဲ စခန်းက (ပ) ၅၃/၂၀၂၄ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထား ပါတယ်။
တော်ဝင်
Photo - Mg Mg